ရေတာရှည်နဲ့ ကျောက်တံခါးက စစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

ရေတာရှည်နဲ့ ကျောက်တံခါးက စစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။ 

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့လယ် ၁ နာရီခွဲလောက်က ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ရေတာရှည်မြို့ ပကဖဆီက သိရပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ကွမ်းအုံကျေးရွာကနေ သဖန်းဇင်ကျေးရွာဘက်ကိုလာတဲ့ အင်အား ၅၀ ကျော်ပါစစ်ကြောင်းကို မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မနေ့က စစ်ကြောင်းဝင်လာတဲ့ စကစအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ မိုင်းထိလို့ လဲကျသွားတဲ့ သူတွေရှိတယ်။ ခုစစ်ကြောင်းက ရွာစဥ်လှည့် စစ်ကြောင်းပတ်ထိုးနေတာ"လို့ ရေတာရှည်မြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦးဒဏ်ရာရသွားပြီးနောက် လက်နက်ကြီးတွေနဲ့ပြန်လည် ပစ်ခတ်တဲ့အတွက် ပစ်ခတ်မှုဖြစ်ရာ နေရာအနီးက ကြံစိုက်ခင်း ၅ ဧကနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာလည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီးမှာ စစ်ကောင်စီစစ်ကြောင်းကို စနိုက်ပါနဲ့ပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ကွန်မန်ဒိုတပ်ရင်း - တောင်ပိုင်းတိုင်းတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာလ ၂၉ ရက် နေ့လယ် ၁၁ နာရီခွဲမှာ တကြိမ်၊ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီလောက်မှာ တကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"နတ်သံကွင်းကို စစ်ကူဆင်းလာတဲ့အဖွဲ့တွေ ရှေ့ဆက်တိုးတိုင်း တိုက်ပွဲဖြစ်တယ်။ စစ်ကူအဖွဲ့ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာပါ။ သေဆုံးဒဏ်ရာရခဲ့တာ အတည်ပြုပါတယ် " လို့ တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်မှာတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နတ်သံကွင်းမြို့ကို ပြန်တိုက်ဖို့ အင်အားလာဖြည့်တဲ့ စစ်ကြောင်းဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းမှာ နတ်သံကွင်းမြို့ကို ဒေသခံမဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကွဲရေးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ရေတာရှည်နယ်အတွင်း စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် မီးလောင်နေသည့် ကြံခင်းများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်းအရှေ့ခြမ်း #ရေတာရှည် #ကျောက်တံခါး #စစ်ကောင်စီ #တိုက်ခိုက် #ဒေသခံကာကွယ်ရေး #သေဆုံး #ထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10