ရေတာရှည်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရေတာရှည်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိလို့ ဒေသခံအမျိုးသမီးတဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ Daung Min Thar-Yedashe PDF က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၅ ရက်မနေ့ညနေက ရေတာရှည်မြို့နယ် နဂျပ်ရွာက အသက် ၄၂ နှစ်အရွယ်အမျိုးသမီး ၁ ဦးဟာ လက်နက်ကြီးကျည်ထိမှန်လို့ ဦးခေါင်းနဲ့ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

“ယာခင်းထဲမှာ အလုပ်လုပ်နေတုန်း ၉၀ မမလက်နက်ကြီးကျည်ထိတာပါ။ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တာက တနေ့ကို ၄ ကြိမ်လောက်ရှိတယ်။ ဒီတလုံးက ထိသွားတာ။ ခုမနက်လည်း လက်နက်ကြီး ၃ လုံးကျသေးတယ်။ ရွာသားတွေ သတိပြုနေထိုင်ပေးဖို့ ပြောလိုပါတယ်" လို့ Daung Min Thar-Yedashe - PDF က ဘဏ္ဍာရေးနဲ့ထောက်ပို့တာဝန်ခံ ကိုဒေါင်းဖြူက ပြောပါတယ်။

ဩဂုတ်လအတွင်း စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်တွေဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက နဂျပ်ရွာ၊ အင်းကြီးပေါက်ရွာနဲ့ စည်ပိုင်းရှမ်းစုရွာဘေးတွေကိုလည်း ကျရောက်မှုတွေရှိပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်ကလည်း တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းက အုတ်ဖြတ်ရွာမှာ စခန်းချထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျောက်ကြီးမြို့နယ်၊ ဒိုးတန်းရွာကနေအိမ် ၂ လုံးလည်းထိမှန် ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ - လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #တောင်ငူခရိုင် #ရေတာရှည် #လက်နက်ကြီးကျည် #ပစ်ခတ်မှု #စစ်ကောင်စီ #အမျိုးသမီး #အရပ်သား #ထိခိုက် #စိုးရိမ်ရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10