ရေတာရှည်မှာ စစ်တပ်ကအကြောင်းမဲ့ သေနတ်နဲ့ပစ်လို့ ဒေသခံအမျိုးသား ၂ ဦး ဒဏ်ရာရ

ရေတာရှည်မှာ စစ်တပ်ကအကြောင်းမဲ့ သေနတ်နဲ့ပစ်လို့ ဒေသခံအမျိုးသား ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စက်တင်ဘာလ ၆ ရက် မနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့သေနတ်နဲ့ပစ်ခတ်လို့ ဒေသခံလူငယ် ၂ ဦး ဒဏ်ရာရှိသွားတယ်လို့ Daung Minn Thar -Yedashe PDF က သတင်းထုတ်ပြန်ထားပါတယ်။

ရေတာရှည်မြို့ပေါ်ကနေ လက်နက်ကြီးပစ်ကူယူကာ အင်အား ၂၀၀ လောက်နဲ့ ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းက သစ်ချဆိပ်ရွာသား အသက် ၃၀ နှစ်အရွယ်လောက်ရှိတဲ့ လူငယ် ၂ ဦးကို ကျောက်ပုံကျေးရွာအနီးမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရေတာရှည်ကနေဈေးဝယ်ပြီး ဆိုင်ကယ်တစီး ၂ ယောက်စီးပြန်လာတာကို စစ်တပ်ကကင်းပုန်းဝပ်နေရင်းနဲ့ သေနတ်နဲ့ပစ်တာ မှာ ၂ ယောက်စလုံးခြေထောက်တွေ လက်တွေကိုကျည်ထိတာ" လို့ Daung Minn Thar အဖွဲ့ရဲ့ ဘဏ္ဍာရေးနဲ့ထောက်ပို့တာဝန်ခံ ကိုဒေါင်းဖြူက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ရွှေသောင်ကျေးရွာပြည်သူအချို့က ရေတာရှည်ဆေးရုံကို ပို့ဆောင်ရာ အဲဒီကတဆင့် တောင်ငူဆေးရုံကိုပို့ဆောင်ထားပြီး လက်ရှိမှာလည်း စစ်ကြောင်းဟာ ရွှေသောင်ရွာအနီးမှာရှိနေလို့ ရွှေသောင်ရွာနဲ့ ကျောက်ပုံရွာက ရွာသား ၅၀၀ ဦးလောက်ဟာ တိမ်းရှောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေသောင်ရွာအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသ PDF တို့ စစ်ရေးတင်းမာနေလို့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဗျူဟာလမ်းတစ်လျှောက်က ကျေးရွာတွေအနေနဲ့ စစ်ရေးအမြဲသတိပြုကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်ကလည်း ရေတာရှည်မြို့အနီးရှိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ယာခင်းထဲရှိနေတဲ့ နဂျပ်ရွာနေ အသက် ၄၂ နှစ်အရွယ်အမျိုးသမီးတဦး လက်နက်ကြီးကျည်စထိမှန်လို့ ဦးခေါင်းနဲ့ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ 
#သတင်း #စစ်ကောင်စီ #ပစ်ခတ်မှု #ပဲခူးတိုင်း #တောင်ငူခရိုင် #ရေတာရှည် #ဒေသခံပြည်သူ #ထိခိုက်ဒဏ်ရာရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10