ရေတာရှည်မှာ သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

ရေတာရှည်မှာ သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီလောက်မှာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့် ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ရေတာရှည်မြို့ပေါ်ကနေ အင်အား ၈၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ညောင်ကုန်းရွာ အုပ်ချုပ်ရေးမှူးအပါအဝင် တခြားကျေးရွာက အုပ်ချုပ်ရေးမှူး ၃ ဦး နဲ့အတူ ညောင်ကိုင်းရွာကိုဝင်လာချိန်  ကြိုတင်စောင့်ဆိုင်းနေတဲ့ ကာကွယ်ရေးအဖွဲ့ နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက် တပ်သား ၄ ဦးသေဆုံးသွားတယ်လို့ ရေတာရှည်မြို့နယ် အနောက်ခြမ်း၊ မြို့နယ်ပကဖ ဒုတာဝန်ခံက ဆိုပါတယ်။

“သန်းခေါင်စာရင်း ကောက်ဖို့ဝင်လာတဲ့သတင်းရထားလို့ ကျနော်တို့က ကြိုတင်စောင့်ဆိုင်းခဲ့တာပါ။ သူတို့ခေါ်လို့မရတဲ့ ရွာတွေကို ရပ်မိရပ်ဖတွေခေါ်ပြီးဝင်တယ်။ ဝင်ပြီးတော့ ပြည်သူလူထုကို စည်းရုံးတာပေါ့။ အဲလိုပုံစံမျိုး လုပ်နေတာ။ အဲ့ဒါကြောင့် ကျနော်တို့နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်တာ။” လို့ သူက ပြောပါတယ်။ 

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုကို ဒေသခံတချို့ရဲ့ပြောကြားချက်အရ သိရှိရပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးသူတွေဟာ ရွာသားတွေသာဖြစ်ကြောင်း ကျေးရွာအတွင်း သတင်းလွှင့်ထားတယ်လို့ မြို့နယ်ပကဖ ဒုတာဝန်ခံက ဆိုပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ညောင်ကုန်းရွာနဲ့ ရွာနားနီးစပ်ဖြစ်တဲ့ လုံးရမ်းရွာထဲကို ဝင်ရောက်သွားပြီး အခုချိန်ထိ အထိုင်ချထားဆဲလို့ ဆိုပါတယ်။ 

ဒါ့အပြင် ရွာထဲက ဒေသခံတွေကို မနက် ၆ နာရီ နဲ့ ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်ကို ပိတ်ထားတယ်လို့လည်း သိရပါတယ်။

သန်းခေါင်စာရင်းကောက်ခြင်းကို စစ်ကောင်စီတပ်သားတွေနဲ့ ဝန်ထမ်းတချို့ဟာ အောက်တိုဘာ ၁ ရက်မှာ စတင်ကောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်ကလည်း ရေတာရှည်မြို့နယ် ရွာသစ်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - ယခုလ အစောပိုင်းက ပဲခူးတိုင်းအရှေ့ခြမ်းတွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့အား တွေ့ရစဉ်။ (ဓါတ်ပုံ - စကစတယ်လီဂရမ်)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည်မြို့ #သန်းခေါင်စာရင်း #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10