ရေနံချောင်းနယ် ကျေးရွာအချို့မှာ မိုးမရွာလို့ မိုးခေါ်လွန်ဆွဲပွဲ ပြုလုပ်

ရေနံချောင်းနယ် ကျေးရွာအချို့မှာ မိုးမရွာလို့ မိုးခေါ်လွန်ဆွဲပွဲ ပြုလုပ်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရုံးကုန်းကျေးရွာအုပ်စု၊ ယင်းမချောင်းရွာက တောင်သူတွေမှာ မိုးရွာသွန်းတာနည်းပါးလို့ စိုက်ပျိုးထားတဲ့သီးနှံတွေ ပျက်စီးမှာစိုးရိမ်နေကြပြီး မိုးခေါ်လွန်ဆွဲပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၉ ရက် နေ့လယ်ပိုင်းမှာ ယင်းမချောင်းရွာသူရွာသားတွေက မိုးရွာသွန်းစေဖို့အတွက် ငါးရံ့မင်းပရိတ်ရွတ်တာ၊ လွန်ဆွဲတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

" ကံနတ်တင်တယ်လို့ခေါ်ကြတယ်။ နှစ်စဥ်လည်း မိုးနည်းတော့ မိုးခေါ်လွန်ဆွဲနေကြပါ။ မနှစ်ကဆိုရင် လွန်ဆွဲဲပြီးတာနဲ့ မိုးအတော်ရွာလိုက်တယ်။အခုလည်း မိုးလိုနေတာနဲ့ ဆရာတော်တွေပင့်ပြီး၊ ငါးရံ့မင်း ပရိတ်ရွတ်တယ်။ ရွာမှာရှိတဲ့ ကလေး၊ လူကြီး၊ အပျို၊ အအို အကုန်ထွက် လွန်ဆွဲကြတယ်။ အိုးစည်ဗုံမောင်းနဲ့ စိတ်ပါလက်ပါ လွန်ဆွဲနိုင်အောင် တီးပေးကြတယ်။" လို့တောင်သူဦးကြီးက ပြောပါတယ်။

ယင်းမချောင်းကျေးရွာမှာ မေလလယ်ပိုင်းက မိုခါမုန်တိုင်းမိုးနဲ့‌ သီးနှံမျိုးစုံထွန်ယက် စိုက်ပျိုးထားကြပြီး၊ ယင်းနောက်ပိုင်း မိုးရွာသွန်းမှုမရှိတော့တာကြောင့် သီးနှံခင်းတွေပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေရလို့ ယခုလို ပြုလုပ်ကြတာလို့ တောင်သူတဦးက မြေလတ်အသံ ကိုပြောပါတယ်။

" မုန်တိုင်းကြောင့်ရွာတဲ့မိုးနဲ့ စိုက်ထားကြတာ။ မိုးမရွာတာ ၁ လခွဲလောက်ရှိပြီ။ မြေအစိုဓာတ်နည်းသွားတော့ အပင်တွေညှိုးကုန်တာပေါ့။ ဆယ်လေးငါးရက်အတွင်း မိုးမရွာရင်တော့ သီးနှံတွေဆုံးရှုံးနိုင်တယ်။ နှမ်းခင်းတွေက အရင်ပျက်စီးဖို့များတယ်" လို့ တောင်သူက ပြောပါတယ်။

မိုးရွာသွန်းတာနည်းပါးတဲ့ ယင်းမချောင်းကျေးရွာမှာ မြေပဲနဲ့နှမ်းကို အဓိထားစိုက်ပျိုးရာ သီးနှံပင်တွေစိုက်တာ ၂ လသားခန့်ရှိပြီး၊ နောက်ကျမှ စိုက်ပျိုးသူတွေက အပင် ၁ လ သားလောက်သာ ရှိသေးလို့ ရေငတ်ပြီး ပျက်စီးတာမျိုး ဖြစ်နိုင်တယ်လို့သူက ဆက်ပြောပါတယ်။

ယင်းမချောင်းကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး၊ အိမ်ခြေ ၁၀၀ ခန့်ကတောင်ယာလုပ်ငန်းလုပ်ကိုင်ကြရာ၊ မေလနှောင်းပိုင်းမှာ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းသီးနှံတွေ စုစုပေါင်းခန့်မှန်း ဧက ၇၀၀ ကျော်စိုက်ပျိုးထားတယ်လို့ဆိုပါတယ်။

ဇူလိုင် ၁၅ ရက်မှ ၁၉ အတွင်း နေပြည်တော်၊ တောင်ကြီး၊ မန္တလေးနဲ့ မကွေးတိုင်းမှာ မိုးရွာသွန်းတာတွေများနိုင်တယ်လို့ မိုးလေဝသသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ရေနံချောင်း #ယင်းမချောင်းရွာ #မိုးခေါ်လွန်ဆွဲပွဲ #ငါးရံ့မင်းပရိတ် #စိုက်ပျိုးရေး #တောင်သူ #ယုံကြည်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10