ရေနံချောင်းမှာ မိုးနည်းလို့ မြေပဲစိုက်တောင်သူတွေ အလုပ်မဖြစ်

ရေနံချောင်းမှာ မိုးနည်းလို့ မြေပဲစိုက်တောင်သူတွေ အလုပ်မဖြစ်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မိုးရွာသွန်းတာနည်းပါးတဲ့အတွက် မြေပဲစိုက်တောင်သူတွေအနေနဲ့ အလုပ်မဖြစ်ဘဲ စိုက်ပျိုးစားရိတ် ဆုံးရှုံးမှာကို စိုးရိမ်နေကြတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ချောက်နယ်မှာ မေလဆန်းက မိုး ၁ ကြိမ်ရွာသွန်းတဲ့အတွက် မြေပဲတွေ စိုက်ပျိုးခဲ့ကြပေမဲ့  ၂ လကြာ မိုးရွာသွန်းတာမရှိတော့ဘဲ ဇူလိုင်လနဲ့ ဩဂုတ်လတို့မှာသာ မိုးအနည်းငယ်ရွာလာတာကြောင့် ယခင်မြေပဲခင်းတွေနေရာမှာ ထပ်မံထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပုံမှန်ဆို ဒီနှစ်ဝါထပ်လို့ ဒုတိယဝါဆို လဆန်းရင်စိုက်ကြရတယ်။ အခုက ဝါခေါင်လပြည့်ကျော်မှ စိုက်ရတာ။ မိုးမရွာလို့ မြေပဲမဥရင် စားရိတ်အကုန်ရှုံးပြီ" လို့ တောင်သူတဦးက ပြောပါတယ်။

ပထမအကြိမ်စိုက်ပျိုးထားတဲ့ မြေပဲတွေမှာ ရေမရလို့ ညှိုးခြောက်တာ၊ ကြီးထွားနှုန်းတန့်သွားတာ‌တွေ ဖြစ်နေပြီး မြေပဲဥမဥ မသေချာဘဲ ထိုင်စောင့်နေရပြီး ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းလာလို့ ထွန်ယက်စိုက်ပျိုးမှု ထပ်လုပ်ကြတယ်လို့ ဆိုပါတယ်။

"မေလကုန်ပိုင်း စိုက်တဲ့ပဲတွေဆို ဒီအချိန်ဥရတော့မှာပါ။ မိုးမရွာတော့ ခုချိန်ထိဘာမှ မဥသေးပါဘူး။ ခုလထဲမိုးမရွာရင် အပင်ကတော့ နွားစာအတွက်ပဲရတော့မယ်" လို့ တောင်သူ ကိုသန့်ဇင်က ပြောပါတယ်။ 

မျိုးပဲဆံ ၁ တင်း ၁ သိန်းခွဲကျပ်နဲ့ တဧကကို ပဲဆံ ၂ တင်းစိုက်ပျိုးရလို့ ၃၀၀၀၀၀ ကျပ်၊ နွားထွန်တရှဥ်း ၁၀၀၀၀ ကျပ်နဲ့ တဧကထွန် ၅ ရှဥ်းအတွက် ၅၀၀၀၀ ကျပ်၊ မြေသြဇာတအိတ် ၁၄၀၀၀၀ ကျပ်၊ ပဲနှုတ်ပဲခြွေ လုပ်သားခ ၁ ရက်ကို ၆၀၀၀ ကျပ်နဲ့ စုစုပေါင်းသွင်းအားစုစားရိတ် တဧကကို ၅၅၀၀၀၀ ဝန်းကျင်အထိ ကုန်ကျတယ်လို့ သိရပါတယ်။

မြေပဲမျိုးမှာ ၃ လသက်တမ်းရှိ ပင်ထောင် အဖြူ၊ အနီ ၂ မျိုးနဲ့ ၆ လသက်တမ်းရှိ ပင်ပြန့်မျိုးတွေရှိပြီး၊ အများစုမှာ ပင်ပြန့်မျိုးကို စိုက်ပျိုးတာဖြစ်သလို ရာသီဥတုကောင်းပါက တဧကမှာ မြေပဲတင်း ၃၀ မှ ၄၀ အထိ ထွက်ရှိတယ်လို့ ဆိုပါတယ်။ 

ချောက်မြို့နယ်အတွင်း ရုံကုန်၊ ဆယ်၊ အလယ်ကန်၊ ကန်နီ၊ ယင်းမာချောင်း၊ ကန်ကြီး၊ ဂွေးကုန်း၊ ဖန်းကစမ်း၊ သန်းပင်ကုန်း၊ စာဂီကုန်၊ ဖောင်ဆွဲ၊ ကုန်းကန်၊ ဝါရုံချောင်စတဲ့ ရွာပေါင်း ၂၀ ကျော်လောက်မှာ မြေပဲစိုက်ပျိုးထားတာဖြစ်ပြီး၊ အခုလို မိုးမရွာသွန်းတာနဲ့ ရင်ဆိုင်နေကြရတာပါ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စိုက်ပျိုးရေး #တောင်သူလယ်သမား #မြေပဲ #ရာသီဥတုဖောက်ပြန်မှု #ချောက် #အပူပိုင်းဇုန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10