ရေနံမြေရဲတပ်ဖွဲ့ပိုင် ယူကလစ်ပင်တွေကို စစ်တပ်အသွင်ပြောင်း ဒု-ရဲမှူးကြီးမြင့်ဆွေက ခုတ်လှဲရောင်းစား

ရေနံမြေရဲတပ်ဖွဲ့ပိုင် ယူကလစ်ပင်တွေကို စစ်တပ်အသွင်ပြောင်း ဒု-ရဲမှူးကြီးမြင့်ဆွေက ခုတ်လှဲရောင်းစား

မကွေးတိုင်း၊ ရေနံချောင်းမြို့အခြေစိုက် အမှတ်(၁) ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ ပိုင်မြေအတွင်းက ညွှန်ကြားချက်နဲ့စိုက်ခိုင်းတဲ့ အရိပ်ရ လေကာ၊နေကာ ယူကလစ်ပင်တွေကို ရဲတပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူးကြီးမြင့်ဆွေက ခုတ်လှဲရောင်းချကာ ကိုယ်ကျိုးအတွက်အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

အခုနှစ်ဖေဖော်ဝါရီလထဲမှာ အမှတ် ၁ ရေနံမြေလုံခြုံရေးတပ်ဖွဲ့ခွဲ တပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မြင့်ဆွေ ဦးဆောင်ကာ လုံးပတ် ၃ ပေ၊ အရှည် ၂၅ ပေ ဝန်းကျင်အရွယ်ရှိတဲ့ ယူကလစ်ပင် ၃၀ ခန့်ကို ဖောင်းကတောကျေးရွာ ရာအိမ်မှူးဦးထွန်းအေး ဆီ ရောင်းစားခဲ့တာဖြစ်ပါတယ်။


“ဓါတ်ပုံနဲ့တကွ လက်ရှိမြေပြင်မှာလည်း သစ်ငုတ်တိုတွေသက်သေရှိသေးတယ်။ သစ်ပင်ခုတ်လှဲတဲ့ တာဝန်ကိုတော့ သူ့တပည့်လက်နက်တိုက်တာဝန်ခံ ရဲတပ်ကြပ်သက်နိုင်ကို တာဝန်ပေးထားတယ်။ ဒါပေမယ့် တပ်ဖွဲ့အတွက်သုံးတာမဟုတ်ဘဲ သူ့ကိုယ်ကျိုးအတွက်သုံးသွားတာ“ လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက မြေ လတ်အသံကို ပြောပါတယ်။

အမှတ် (၁) ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူးရုံးရှေ့ရှိ ယူကလစ်ပင်တွေအပါအဝင် ရဲတပ်ဖွဲ့ဝန်းအတွင်းက လိုင်းခန်းအရှေ့တွေမှာ အရိပ်ရဖို့အတွက် စိုက်ပျိုးထားတဲ့ယူကလစ်အပင်တွေအားလုံးကိုပါ ခုတ်လှဲရောင်း စားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ နေပူကွင်းပြင်းကိုဖြတ်ကာ ရုံးတက်၊ရုံးဆင်း လုပ်နေရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ပိုင် ယူကလစ်ပင်တွေ ခုတ်လှဲရောင်းစားခဲ့တဲ့အတွက် အခုနှစ်မတ်လ ၁၃ ရက်စွဲနဲ့ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တဦးဟာ နေပြည်တော်က ရေနံမြေလုံခြုံရေးတပ်ဖွဲ့ခွဲတွေရဲ့ ဌာနချုပ် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲရွာအခြေစိုက် ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီး လှရီဆီကို လိပ်မူတိုင်ကြားခဲ့ပေမယ့်လည်း လာရောက်စစ်ဆေးမှုသာရှိပြီး တစုံတရာအရေးယူဆောင်ရွက်တာမျိုး မရှိဘူးလို့ဆက်ပြောပါတယ်။

ဒုရဲမှူးကြီးမြင့်ဆွေရဲ့ ယူကလစ်ပင်ခုတ်လှဲရောင်းစားတဲ့အမှုကို အောက်ခြေရဲတပ်ဖွဲ့ဝင်တွေက တိုင်ကြားခဲ့တဲ့နောက်ပိုင်း အမှတ် -၂ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူးကြီးထွန်းမြင့်နဲ့ အဖွဲ့က ပထမအကြိမ် လာရောက်စစ်ဆေးခဲ့သလို ဒုတိယအကြိမ်မှာလည်း ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ဒု-တပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုင်းလှထူးက ဒုတိယအကြိမ် လာရောက်စစ်ဆေးခဲ့ပါတယ်။

“အတိုင်ခံရလို့ စစ်ဆေးမှုတွေလုပ်တဲ့အခါမှ အကြီးဆုံးဖြစ်တဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီး လှရီကို ပိုက်ဆံတွေပေးပြီး အကုန်လိုက်ပိတ်တယ်လို့ ကြားတယ်” လို့ မြေလတ်အသံကို ဆက်သွယ်လာတဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ရဲမှူးကြီး လှရီဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက မကွေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့သွားတဲ့ ယခင်ရေနံမြေရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကို နေရာကို အစားထိုးရောက်ရှိလာသူဖြစ်ကာ လာဘ်စားရာမှာ နာမည်ကြီးတဲ့ ရဲမှူးကြီးတဦးဖြစ်တယ်လို့ ရေနံမြေရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ယူကလစ်ပင်တွေကို ခုတ်လှဲ‌ရောင်းစားခဲ့တဲ့ ဒုရဲမှူးကြီး မြင့်ဆွေဟာ စစ်ကောင်စီတပ်ဖွဲ့ကနေ ရဲတပ်ဖွဲ့ကို အသွင်ပြောင်းနဲ့ရောက်ရှိလာသူဖြစ်ကာ သူခုတ်လှဲရောင်းစားခဲ့တဲ့ ယူကလစ်ပင် ၃၀ ဟာ ၁၁ တန်ခန့်ရှိပြီး ယူကလစ်သစ်ပေါက်ဈေးဟာ ၁ တန်ကို ၂ သိန်းခွဲကနေ ၅ သိန်းအထိရှိတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်တွေဟာ သူတို့စစ်တပ်တပ်ရင်းတွေနဲ့ ရဲတပ်ရင်းတွေမှာ မြေအကျယ်အဝန်းပေါ်မူတည်ပြီး ရတနာတန်းဝင်အပင်(ကျွန်း)၊ အရိပ်ရ၊ လေကာနေကာအပင် (ယူကလစ်၊ကုက္ကိုလ်)၊ နှစ်ရှည်သီးနှံ (မကျည်း၊သရက်)အပင် စတဲ့အပင်တွေကို စိုက်ဖို့ညွှန်ကြားထားပြီး စီမံချက်နဲ့စိုက်ပျိုးရတာလို့ စစ်တပ်အသိုင်းအဝိုင်းဆီက သိရပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10