ရေဘေးအလှူငွေတွေ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီ အကုန်မပေး

ရေဘေးအလှူငွေတွေ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီ အကုန်မပေး

ရေဘေးအတွက်လှူဒါန်းငွေတွေကို အုပ်ချုပ်ရေးမှူးတွေက ရေဘေးသင့်ပြည်သူတွေဆီအကုန်မပေးဘဲ ၃ ပုံ ၁ ပုံသာ ပြည်သူတွေဆီရောက်တယ်လို့ မြစ်သားမြို့နယ်ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ သမတန်းကျေးရွာက ရေဘေးသင့်ပြည်သူတွေကို အလှူရှင်တွေက တိုက်ရိုက်လှူဒါန်းတာရှိသလို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် လှူဒါန်းတာတွေလည်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ကတဆင့်လှူတဲ့ငွေတွေကို အညီအမျှခွဲဝေမပေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ခုဆို သိန်း ၁၀၀ ကျော်လောက်ရှိမယ်။ ရေဘေး စဖြစ်ကတည်းက လာလှူတာတွေလေ။ သူက(အုပ်ချုပ်ရေးမှူး) ဒေသဖွံဖြိုးရေလုပ်ဖို့ဆိုကာ ရွာကဘုန်းကြီးကျောင်းမှာအပ်ထားတယ်ပြောတယ်။ အိမ်ထောင်စုအလိုက် ခွဲရင်ရတဲ့ငွေပမာဏအလိုက် ၃ သောင်းဆိုရင် ၁ သောင်းလောက်ပဲ ပေးဝေတာတွေလုပ်နေတာပါ။ ခုက အလုပ်အကိုင်မရှိတော့ လာလှူတာလေးတွေနဲ့စားနေကြရတာ။ အဲ့ဒါမကျေနပ်ကြဘူးလေ။" လို့ အဆိုပါဒေသခံက ပြောပါတယ်။

သမတန်းကျေးရွာဟာ စက်တင်ဘာ ၁၀ ရက်ကစပြီး ဒီနေ့အထိ ၁ လတိတိ အိမ်ထောင်စု ၁၂၀ ကျော် လူဦးရေ ၅၀၀ နီးပါး ရေဘေးသင့်ခဲ့ရတာဖြစ်တယ်လို့ ဒေသတွင်း ပရဟိတကူညီမှုပေးနေတဲ့သူတွေဆီက သိရပါတယ်။

အလှူရှင်တွေက ရေဘေးသင့်ပြည်သူတွေအခက်ကြုံနေလို့ အရေးပေါ်သုံးနိုင်ဖို့လှူဒါန်းတာဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် လှူတာမဟုတ်တဲ့အတွက် မလုပ်သင့်တဲ့အရာဖြစ်တယ်လို့ မြစ်သားမြို့နယ် ရေဘေးသင့်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"လက်လုပ်လက်စားတွေဆို ဘယ်လိုလုပ်မလဲ။ ရေကျတော့ရော လိုအပ်တာလေးတွေ သုံးရဦးမှာ။ ယနေ့အထိရက် ၃၀ ကျော်နေပြီး ရေက ရှိသင့်သလောက် ရှိနေသေး။ လောလောဆယ်ပြဿနာကို အဓိက ရှင်းရမှာလေ။ ဒီအချိန်ဖွံ့ဖြိုးရေးက မလိုသေးပါဘူး။"လို့ ပြောပါတယ်။

မြစ်သားမြို့နယ်ထဲက မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာတွေက လူဦးရေ ၁၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကစပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများကာရေကြီးခဲ့ကြတာပါ။ လက်ရှိမြို့ပေါ်ရပ်ကွက်အချို့ ရေကျလို့ နေအိမ်တွေပြန်နေနိုင်နေကြပေမယ့် အချို့ကတော့ တာဘောင်ပေါ်မှာ မိုးကာစ၊ တာပေါ်လင်စတွေနဲ့ တဲထိုးနေကြရသေးတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #မြစ်သား #ရေဘေး #အုပ်ချုပ်ရေးမှူး #အလှူငွေ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10