ရေမြက်နီရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ်၂၀၀ ကျော်မီးလောင်ပျက်စီး၊ စစ်ဘေးရှောင် ၁၀၀၀ ကျော် ရွာပြန်မဝင်နိုင်သေး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမြက်နီရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ကျောမြို့ ကပစ ၂၃ က လာတဲ့ အင်အား ၇၀ ကျော်ပါခြေလျင်စစ်ကြောင်းက ဧပြီ ၃ ရက် နေ့လယ်ပိုင်းမှာ ရေမြက်နီရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Yaw Revolution Army-YRA တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ရေမြက်နီရွာမှာရှိတဲ့ စစ်တပ်အထိုင်ချထားတဲ့ ရဲစခန်းကို ရိက္ခာလာပို့ရင်းနဲ့ ဒဏ်ရာရတပ်သားတွေကို လာခေါ်ပြီး ရဲစခန်းနားက နေအိမ်တွေကို မီးရှို့ခဲ့ရာက နေအိမ် ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ရေမြက်နီရွာရဲ့ တဝက်လောက်က မီးလောင်ပျက်စီးခဲ့ပြီး ဧပြီ ၄ ရက် ညနေ ၅  နာရီခန့်မှာ ရွာအတွင်း မီးလောင်ပြင်အား YRA တပ်ဖွဲ့ဝင်တွေက စစ်ဆေးရာ လမ်းမလျှောက်နိုင်ဘဲ ပိတ်မိနေတဲ့ သက်ကြီးပိုင်း အမျိုးသား ၁ ဦးနဲ့ အဘွားအို ၁ ဦးတို့ကို YRA-ထီးလင်း ရဲဘော်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေမြက်နီရွာ ရဲစခန်းမှာ စစ်သားနဲ့ ရဲ အင်အား ၂၀၀နီးပါးနဲ့ ဆက်လက်တပ်စွဲထားပြီး မီးရှို့ခံလိုက်ရတဲ့ နေအိမ် ၂၀၀ ကျော်အပြင် အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ လူဦးရေ ၁၅၀၀ကျော်ဟာ နီးစပ်ရာမှာစစ်ရှောင်နေရသလို ဆွေမျိုးသားချင်းရှိတဲ့ ကျေးရွာတွေမှာ စစ်ရှောင်နေကြရပါတယ်။

၂၀၂၄ နှစ်စပိုင်းမှာ ရေမြက်နီရွာ စစ်တပ်အထိုင်ချထားတဲ့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တိုက်ခိုက်သေးတာကြောင့် အဲ့ဒီကာလတွေမှာကတည်းက စစ်ရှောင်နေကြသူတွေလည်းရှိခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ထီးလင်း #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #စစ်ရှောင်ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10