ရေလယ်ကျွန်းက ရေဘေးသင့်ပြည်သူတွေကို မိုးကာတာပေါ်လင်တွေ ထောက်ပံ့

ရေလယ်ကျွန်းက ရေဘေးသင့်ပြည်သူတွေကို မိုးကာတာပေါ်လင်တွေ ထောက်ပံ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရေဘေးသင့်ပြည်သူတွေအတွက် မိုးကာတာပေါ်လင်တွေကို ဇူလိုင် ၁၈ ရက်က ထောက်ပံ့ကူညီပေးခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာကူညီရေးအဖွဲ့ထံက သိရပါတယ်။

ဧရာဝတီမြစ်ရေကြီးလာတာကြောင့် ရေလယ်ကျွန်းစစ်ရှောင်ပြည်သူတွေက ရေဘေးလွတ်ရာကို ဇူလိုင် ၁၃ ရက်က ပြောင်းရွှေ့နေကြတာဖြစ်ပြီး ယာယီတဲမိုးဖို့အတွက် မိုးကာတွေလိုအပ်နေတာဖြစ်လို့ ထောက်ပံ့ပေးရတာလို့ ရေစကြိုမြို့နယ် လူသားချင်းစာနာကူညီရေးအဖွဲ့ တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

" ပြည်သူတွေက စစ်ရှောင်နေရင်းနဲ့ ရေဘေးပါထပ်ကြုံနေရတယ်။ မိုးကာတွေလိုတာသိရလို့ ကူညီပေးတာပါ။ သူတို့မှာ စားဖို့ရောနေဖို့အတွက်ပါ ခက်ခဲနေကြတာ တွေ့ရတယ်။ ကလေးတွေကိုလည်း မုန့်တွေဝေပေးခဲ့တယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးရတာပါလို့" တာဝန်ခံက ပြောပါတယ်။

ရေဘေးသင့်ပြည်သူ ၃၀၀ ကျော်မှာ ယာယီတဲမိုးဖို့အတွက် ၁၂ ပေပတ်လည်၊ မိုးကာတာပေါ် လင် ၉၃ ခုကိုမိသားစုတစုချင်းစီအတွက် ကူညီပေးခဲ့တာလို့သူကဆက် ပြောပါတယ်။

"မိုးတွင်းကာလဖြစ်သလို ရေကြီးတဲ့အချိန်မှာ မိုးကာတွေလှူပေးလို့ အတိုင်းမသိဝမ်းသာရပါတယ်။ တခြားခက်ခဲတာတွေလည်းရှိပါတယ်။ စားဖို့ကို အနိုင်နိုင်ဖြစ်နေကြတာပါ" လို့ ရေဘေးသင့်ပြည်သူ ကိုသော်က ကပြောပါတယ်။

ရေဘေးသင့်ပြည်သူ ၃၀၀ ကျော်မှာ စာဝတ်နေရေးခက်ခဲနေကြသလို၊ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးလည်းရှိနေပြီး၊ မိခင် ၁ ဦးမှာမွေးဖွားဖို့ရက်နီးနေလို့ ကျန်းမာရေးအတွက်ပါ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြို #ရေလယ်ကျွန်း #စစ်ရှောင် #ဒေသခံ #နေထိုင်ရေး #ကျန်းမာရေး #မိုးကာ #ထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10