ရေလယ်ကျွန်းမှာ မြစ်ရေကြီးလာလို့ စစ်ရှောင်တွေပြောင်းရွေ့နေကြရပြီး ဝါးနဲ့မိုးကာ အကူအညီ လိုအပ်နေ

ရေလယ်ကျွန်းမှာ မြစ်ရေကြီးလာလို့ စစ်ရှောင်တွေပြောင်းရွေ့နေကြရပြီး ဝါးနဲ့မိုးကာ အကူအညီ လိုအပ်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ ဧရာဝတီမြစ်ရေတက်လာတာကြောင့် စစ်ရှောင်ပြည်သူတွေ ဘေးလွတ်ရာနေရာကို ပြောင်းရွှေနေကြတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

ရေလယ်ကျွန်းမြစ်ကမ်းထိ ရေကြီးလာလို့ စစ်ရှောင်တဲတွေကို ဇူလိုင်လ ၁၃ ရက်ကပြောင်းရွှေ့နေကြတာဖြစ်ပြီး၊ အခုလိုပြောင်းရွေ့ရာမှာ ယာယီတဲဆောက်ဖို့ ဝါးနဲ့မိုးကာတွေအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"မြေနိမ့်ပိုင်းက ရေဝင်လာတဲ့ တဲတွေအရင်ရွေ့နေရတယ်။ လှေပေါ် ပစ္စည်းတွေတင်ပြီး တဘက်ကမ်းကိုပြန်ရွေ့ရတာပါ။ လှေမရှိတဲ့သူတွေက ပိုခက်ခဲကြတယ်။ ကျွန်းပေါ်မှာ ခုံမြင့်တဲ့နေရာကသိပ်မရှိတော့ဘူး။ တဲပြန်ထိုးဖို့ဝါးနဲ့မိုးကာ မရှိလို့ အခက်အခဲတွေ့ နေရတယ်" လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

ယာယီတဲဆောက်ပြန်ဖို့အတွက်လည်း မျှင်ဝါး ၁ လုံးကို ၂၀၀၀ ကျပ်နဲ့ ဝါးဆယ်လုံး ၁ စည်းကို ၁၉၅၀၀ ကျပ်စျေးရှိပြီး၊ ယာယီတဲတလုံးဆောက်ဖို့ ဝါးအလုံး ၂၀ လိုအပ်နေရာ၊ တဲ ၉၃ လုံးအတွက်ဝါး ၂၁၃၀ လုံးလိုအပ်နေတယ်လို့သူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေအတွက်လိုအပ်နေတဲ့ အမိုးအတွက်ကိုတော့ ရေစကြိုမြို့နယ်၊ လူသားချင်းစာနာကူညီရေးအဖွဲ့က လှူဒါန်းပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်မိသားစုတွေမှာ လှေရှိတဲ့သူတွေကိုဦးစားပေးပြောင်းရွေ့နေရတာဖြစ်လို့ စစ်ရှောင်တဲ ၉၃ လုံးရှိရာမှာ ၁၅ လုံးကျော်သာပြောင်းရွေ့နိုင်ပြီး အမြန်ပြောင်းရွေ့နိုင်ဖို့လုပ် ကိုင်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်မိသားစုဝင်တွေပြောင်းရွေ့ရာမှာ လှေကိုအသုံးပြုနေရပြီး၊ လှေငှားရမ်းခမပေးရပေမယ့် လှေအားတဲ့အထိ စောင့်ဆိုင်းရတာတော့ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ရှောင်ပြည်သူ ၃၅၀ ကျော်မှာ မင်းရွာ၊ နေရင်းရွာ၊ ပေါက်တော ရွာသူရွာသားတွေဖြစ်ပြီး၊ စစ်သားနဲ့ပျူတွေက ရွာသားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ နေအိမ်၊ စက်လှေနဲ့ လှေတွေကို မီးရှို့လို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး၊ စစ်ရှောင်နေတာ ၁ နှစ်ကျော်ကာလအထိ ရှိနေပြီလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြို #ရေလယ်ကျွန်းရွာ #ရေဘေး #ကမ်းပြိုကမ်းစား #ဒေသခံ #ရွေ့ပြောင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10