ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ ၇ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားရ    ■ ငါးမျိုးကောင်းစစ်သည်ဆုရရဲဘော် ၁ ဦးအပါ PDF ၂ ဦးလည်း တိုက်ပွဲကျသေဆုံးခဲ့

ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ ၇ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားရ ■ ငါးမျိုးကောင်းစစ်သည်ဆုရရဲဘော် ၁ ဦးအပါ PDF ၂ ဦးလည်း တိုက်ပွဲကျသေဆုံးခဲ့

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၅၀ ကျော်ရှိ အဆိုပါရွာစစ်တပ်အထိုင်စခန်းနဲ့ ဘန်ကာတွေကို ဒီဇင်ဘာ ၁၁ ရက် မနက် ၆ နာရီကစတင်ကာ ၁ နာရီခွဲခန့်အကြာ တိုက်ခိုက်ခဲ့ပြီးနောက် စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး၊ ၇ ဦး အရှင်ဖမ်းမိခဲ့ကာ ဒဏ်ရာနဲ့ ထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ပခုက္ကူအခြေစိုက် EARTHQUAKE PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်၊ အမှတ် ၈ စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ရဲ့ တပ်စိတ်မှူးထောင့်မကျိုး (ခ) ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ ၂ ဦး စစ်ကောင်စီတပ်ရဲ့လက်နက်ငယ်ထိမှန်လို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကျသေဆုံးခဲ့တဲ့ PLA တပ်ဖွဲ့က ရဲဘော်ကိုထက်ဟာ ၎င်းတက်ရောက်ခဲ့တဲ့ စစ်အခြေခံသင်တန်းမှာ နိုင်ငံရေးအတွေးအခေါ်၊ စစ်ရေးလေ့ကျင့်မှု၊ ၃/၈ လုပ်ဟန်၊ တာဝန်ထမ်းဆောင်မှု၊ ကျန်းမာသန်စွမ်းမှု စတဲ့ အရည်အချင်းငါးမျိုးကောင်းမွန်မှုဆု ရရှိထားသူဖြစ်တယ်လို့ PLA ထံက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၄ ကြိမ် ပစ်ကူပေးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ၆၀ မမစိန်ပြောင်း ၁ လက်၊ MA 2 စက်ကလေး ၁ လက်၊MA 3 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကာဘိုင်သေနတ် ၁၂ လက်၊ တတောင့်ထိုးသေနတ်(ရှော့ဂန်း) ၃ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်ကိုင်ဖုန်းမျိုးစုံ၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်ဆန်မျိုးစုံ ၂၀၀၀ ခန့်၊ ငွေသားတွေနဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ရေလာလေးစခန်းသိမ်းတိုက်ပွဲကို အမှတ် ၈ စစ်ကြောင်းဦးဆောင်မှုနဲ့အတူ ကျောင်းသားလက်ရုံးတပ်တော် SAF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင် Local တပ်ရင်းနဲ့ Kamma Revolution Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းမျိုးစုံ၊ ကျဆုံးနဲ့ဒဏ်ရာရရဲဘော်တို့ကို တွေ့ရစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10