ရေဦးက စစ်ကောင်စီစစ်ကြောင်းကို PDF တွေ ခြုံခိုတိုက်ခိုက်

ရေဦးက စစ်ကောင်စီစစ်ကြောင်းကို PDF တွေ ခြုံခိုတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို သြဂုတ်လ ၂၂ ရက် မနက်ပိုင်းမှာ ဒေသခံပူးပေါင်းအဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ Myanmar's Royal Dragon Army - MRDAတပ်ခွဲမှူး ဗိုလ်စေတန်ဆီက သိရပါတယ်။

စစ်သားနဲ့ ပျူစောထီးအင်အား ၂၀ လောက် ထွက်လာတာကို အောင်သာယာရွာနဲ့ ကျောက်တိုင်ရွာကြားကနေ မနက် ၁၀ နာရီခွဲလောက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပျူ**နဲ့ စစ်**တွေထွက်လာတာကို ကျနော်တို့က ၃ ပွင့်ဆိုင် နေရာယူထားပြီး ပစ်တာ။ ကျည်တကမ်းပဲ ကွာတယ်။ သူသေကိုယ်သေပစ်တာ။ မျက်စိရှေ့တင် ရှေ့ဆုံးက ၃ ဦးသေပြီး ၂ ကောင်ထိသွားတာ"လို့ ဗိုလ်စေတန်က ပြောပါတယ်။

မိနစ် ၄၀ ကြာ နှစ်ဘက်ပြန်လှန်ပစ်ခတ်နေချိန် ပျူစောထီးအများစုနေထိုင်တဲ့ အောင်သာယာရွာကနေ စက်လက် တွေ၊ ၆၀ မမတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ အလောင်းတွေကို ထားကာ နောက်ပြန်လှည့်သွားပြီး ညနေ ၃ နာရီကျော်လောက်မှ အလောင်းတွေကို လာကောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို MRDA မှ စေတန်တပ်ခွဲက ဦးဆောင်ပြီး MRDA စေတန်တပ်စုမှ Royal Tiger အဖွဲ့၊ ကန့်ဘလူ ပကဖ လူပ်ရှားရေးအဖွဲ့၊ အညာ တော်လှန်ရေးအင်အားစု (Local)၊ TGYR (Local)နဲ့ ဗေဒါကြီးအဖွဲ့တို့က ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

သြဂုတ် ၁၅ ရက်နေ့လယ် ၁ နာရီလောက်ကလည်း မုံရွာမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ကြားရှိ ချင်းတွင်း မြစ်ကြောင်းတလျောက်မောင်းနှင်လာတဲ့ စစ်သင်္ဘော ၄ စီးကို MRDA စေတန်တပ်ခွဲက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခြုံခိုတိုက်ခိုက်ခဲ့ရာက အပြန်အလှန် ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - MRDA တပ်ဖွဲ့ဝင်များ စစ်ကောင်စီကို တိုက်ခိုက်နေစဥ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရေဦးမြို့နယ် #အောင်သာယာရွာ #ပျူစောထီး #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10