ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တိုင်းရင်းဆေးရုံမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်က မေ ၁၆ ရက် ည ၁၂ နာရီကျော်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ သရက်ပင်စုရွာက ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရေဦးမြို့နယ်တိုင်းရင်းဆေးရုံမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ အဲဒီနေရာနဲ့ ၁ မိုင်ကျော်လောက်ဝေးတဲ့ သရက်ပင်စုရွာထဲကို ၁၂၀ မမလက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်မှာအိပ်ပျော်နေတဲ့ ၄၃ နှစ်အရွယ် ဒေါ်ရှမ်း (ခေါ်) မတင်မာဝင်း နောက်ကျောကိုလက်နက်ကြီးစ ထိမှန်လို့သေဆုံးသွားသလို သားဖြစ်သူ ၁၁ နှစ်အရွယ် မောင်ထွန်းမင်းနောင်၊ အိမ်နားနီးချင်းတွေဖြစ်တဲ့ မသီတာဝင်း၊ ဦးထွန်းလွင်၊ ကိုမင်းနွေဦးနဲ့ မကြူကြူခိုင်တို့လည်း လက်နက်ကြီးစထိမှန်သွားတယ်လို့ဆိုပါတယ်။

“လက်နက်ကြီးစက ထရံကနေပေါက်ပြီးတော့ သူ့ကုတင်ပေါ်ကျသွားတယ် ။ အဲ့မှာအစထိမှန်ပြီးဆုံးသွားတာ သူ့သားကတော့ မျက်ခုံးကိုထိသွားတယ်။ အခြားသူတွေကတော့ နဖူး၊ ခြေထောက်၊လက် ၊ဗိုက်တွေကိုထိသွားတယ် ” လို့ သရက်ပင်စုရွာဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့်ကျေးရွာထဲက နေအိမ် ၇ လုံးထိမှန်ပျက်စီးသွားသလို ထိခိုက်ဒဏ်ရာရသူတွေထဲမှ ကိုမင်းနွေဦးနဲ့ သူ့ရဲ့အမျိုးသမီး မသီတာဝင်းတို့ကတော့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီး စထိမှန်ပြီးသေဆုံးသွားတဲ့ မတင်မာဝင်းကိုတော့ မေ ၁၇ ရက် ဒီနေ့ နေ့လယ် ၄ နာရီလောက်မှာ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။

ယခင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိပေမယ့် ရွာပြင်မှာသာကျရောက်ပေါက်ကွဲပြီး အခုလို လူထိခိုက်သေဆုံးတာဟာ ပထမ အကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလက်ရှိအချိန်မှာတော့ သရက်ပင်စုရွာက ပြည်သူတချို့ကတော့ ရှောင်တိမ်းနေကြပေမဲ့ ကျန်တချို့ကတော့ ရွာထဲမှာသာ ဆက်လက်နေထိုင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကလည်း ခင်ဦးနယ်အနောက်ခြမ်းကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကလုံကျေးရွာက အမျိုးသား ၁ ဦး ၊ သရက်ကုန်းကျေးရွာက အမျိုးသား ၁ ဦးနဲ့ ကင်းပြစ်ကျေးရွာက အမျိုးသား ၁ ဦး စုစုပေါင်း အမျိုးသား ၃ ဦးကို သတ်ဖြတ်သွားခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရေဦးမြို့နယ် #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ် #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10