ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၄ ဦးထိမှန်ဒဏ်ရာရ

ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၄ ဦးထိမှန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ အင်းပတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၉ ရက် ဒီနေ့ မနက် ၆ နာရီလောက်မှာ မိုင်းဆွဲခဲ့တဲ့ နောက်ပိုင်း ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်တပ်က ၁၂၀ မမနဲ့ပစ်လို့ ဒေသခံပြည်သူ ၄ ဦး ထိမှန်ဒဏ်ရာရာခဲ့တယ်လို့ Khin U Specialforce Organization - KSO အဖွဲ့ဆီက သိရပါတယ်။

အင်းပတ်ကွေ့စျေးတန်းမှာ တနှစ်ကျော်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ရွာသစ်ကုန်းကျေးရွာက ပျူစောထီးတပ်ဖွဲ့တို့ ပေါင်းပြီး အင်အား ၃၀ ကျော်နဲ့ အင်းပတ်ကျေးရွာကိုဘက်ကို စစ်ကြောင်းထိုးလာချိန် အဲ့ဒီရွာနား အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်မိုင်း ပဒေသာမိုင်းတွဲ ၆ စုံနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

“ မိုင်းဆွဲတဲ့ရဲဘော်က သူမိုင်းဆွဲလိုက်တဲ့အချိန် စစ်***၂ကောင်ကစုတ်ပြတ်ပြီး လဲသွားတာတွေ့တယ်။ အဲ့ဒီလဲသွားတဲ့ ရဲဘော် ၂ ယောက်ကိုလာကယ်တဲ့ နောက်ထပ် ရဲဘော် ၄ ယောက်လည်း မိုင်းဆွဲခံရတော့ အပြင်းအထန် ဒဏ်ရာရသွားတယ်။ သူတို့ကိုလာကယ်တဲ့ နောက်ထပ် အယောက် ၂၀ လောက်ကလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာ မရရင်တောင် အနည်းငယ်လောက်တော့ ဒဏ်ရာရသွားနိုင်တယ်” လို့ KSO ပြန်ကြားရေးတာဝန်ခံ ကိုနေသူရက ပြောပါတယ်။

မိုင်းဆွဲခံရပြီးတဲ့နောက် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်းပတ်ကျေးရွာထဲကို မဝင်တော့ဘဲ အထိုင်ရှိရာ စခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ ဒါ့အပြင် မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း Super Custom ကားတစီးနဲ့ ရေဦးမြို့ဘက်ကို ခေါ် ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနောက် ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ကူပေးတဲ့အနေနဲ့  ၁၂၀ မမ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခဲ့လို့ အင်းပတ်ကျေးရွာအရှေ့တောင်ဘက်မှာရှိတဲ့ မရမ်းအင်းရွာထဲကို ကျရောက်သွားပြီး အဲ့ဒီရွာက အမျို သား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦး ထိမှန်သွားတယ်လို့ KSO ပြန်ကြားရေးတာဝန်ခံ ကိုနေသူရက ဆက်ပြောပါတယ်။

“လက်နက်ကြီး ထိမှန်သွားတဲ့လူတွေရဲ့ နာမည်တွေကိုတော့ ပြောပြလို့မရပါဘူး။ အဲ့ဒီထဲမှာ မိသားစု တစုပါတယ်။ သူတို့တွေ ဆေးကုသမှုခံယူနေပါတယ်။ လက်နက်ကြီး ထိမှန်သွားတဲ့အထဲမှာ ၁၀ နှစ်အရွယ် ကောင်လေးတယောက်ကတော့ စိုးရိမ်ရတယ်လို့ ပြောပါတယ်”လို့ဆိုပါတယ်။

အင်းပတ်ကွေ့စျေးတန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်းပတ်ကျေးရွာထဲကို မကြာခဏ ဝင်လေ့ရှိတဲ့အတွက် အဲ့ဒီရွာထဲက ဒေသခံတချို့ဟာ ကျေးရွာထဲမှာ မနေတော့ဘဲ ထွက်ပြေးတိမ်းရှောင် နေသူတွေရှိသလို ထွက်မပြေးဘဲ နေနေတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်ကလည်း အင်းပတ်ကွေ့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်းပတ်ကျေးရွာ အတွင်းဝင်ရောက်လာပြီ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အဲ့ဒီရွာက ၄ နှစ်အရွယ်ကလေးတဦး ကျည်ထိမှန်သွားခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #အင်းပတ်ရွာ #စစ်ကြောင်း #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #ပြည်သူ #ထိမှန် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10