ရေဦးနယ်၊ တင်းတိမ်ရံစျေးနဲ့နေအိမ်တွေက ပစ္စည်းတွေကို စစ်တပ်ကခိုးယူ

ရေဦးနယ်၊ တင်းတိမ်ရံစျေးနဲ့နေအိမ်တွေက ပစ္စည်းတွေကို စစ်တပ်ကခိုးယူ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တင်းတိမ်ရံဈေးနဲ့နေအိမ်တွေက ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade အဖွဲ့ထံက သိရပါတယ်။

ဒီပဲယင်းမြို့နယ်ဘက်က စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ ခမရ ၇၀၈၊ ၇၀၂ စစ်ကောင်စီတပ်က ဩဂုတ် ၅ ရက် မနေ့ မနက် ၅ နာရီအချိန်ခန့်မှာ ရေဦးမြို့အနောက်ခြမ်းရှိ၊ တင်းတိမ်ရံရွာကို လက်နက်ကြီးတွေ ပစ်ခတ်ဝင်လာပြီး နေအိမ်တွေနဲ့ စျေးဆိုင်တွင်းက ပစ္စည်းတွေကို ခိုးယူသွားကြတာလို့ ဆိုပါတယ်။

" စစ်**တွေက တင်းတိမ်ရံရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ သီးသန့်ထွက်လာတာလို့ ခန့်မှန်းရတယ်။ ရွာထဲရှိတဲ့ နေအိမ်တွေနဲ့ စျေးကြီးထဲက ဆိုင်ခန်းတွေကို မွှေနှောက်ရှာဖွေပြီး သူတို့လိုချင်တာ ခိုးယူသယ်ထုတ်သွားတယ်" လို့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က မြေလတ်အသံကိုပြောပါတယ်။

တင်းတိမ်ရံရွာနဲ့ဈေးဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က စစ်ကောင်စီတပ် ခမရ ၃၆၈ စစ်ကြောင်းဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၃၀၀ ကျော်နဲ့ ဈေးဆိုင်ခန်း၂၅၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့လို့ စျေးဆိုင်ခန်းတွေကို ယာယီဈေးပုံစံ ပြန်လည်တည်ဆောက်ပြီး ရောင်းချနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

" စျေးသည်တွေလည်း ဆိုင်ဖွင့်ထားတော့ ကိုယ်လွတ်ရုန်းပြေးကြတာပေါ့။ ရိက္ခာတွေ၊ ပိုက်ဆံ၊ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်၊ ဖုန်း တွေ့တာမှန်သမျှ အကုန်ခိုးသွားတာ။ အထုပ်အပိုးတွေထမ်းပြီးတော့ ဒီပဲယင်းဘက်ပြန်ပို့နေတယ်။ ကင်းပုန်းတွေလည်း ရှိနေတယ် " လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲဝင်တဦးက ပြောပါတယ်။

ရေဦးမြို့ပေါ်မှာ စစ်ဆေးဖမ်းဆီးမှုတွေများတာကြောင့် တင်းတိမ်ရံနဲ့ အနီးတဝိုက်ရွာဒေသခံတွေဟာ တင်းတိမ်ရံဈေးကိုအားထားပြီး ရောင်းဝယ်နေကြရကာ တင်းတိမ်ရံဈေးဟာ ရေဦးမြို့မဈေးပြီးရင် အကြီးဆုံးဈေးတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ဩဂုတ် ၅ ရက် မနက်ပိုင်းမှာ အဲ့ဒီစစ်ကြောင်းဝင်လာတာကြောင့် ရေဦးနယ်အနောက်ခြမ်းရှိ ကျေးရွာတွေက ဒေသခံတွေ ဒီပဲယင်းနယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကြောင်းရှိနေသေးတာကြောင့် ကျေးရွာတွေကို ပြန်မဝင်နိုင်သေးဘူးလို့ ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #စစ်ကောင်စီတပ် #ပစ္စည်းခိုးယူ #တင်းတိမ်ရံ #စစ်ကြောင်းထိုး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10