ရေဦးနယ်၊ မုန်တိုင်ပင်ရွာကို စစ်တပ်က ၂ ကြိမ်မြောက်မီးရှို့၊ အိမ် ၁၇ လုံးပျက်စီး

ရေဦးနယ်၊ မုန်တိုင်ပင်ရွာကို စစ်တပ်က ၂ ကြိမ်မြောက်မီးရှို့၊ အိမ် ၁၇ လုံးပျက်စီး

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ မုန်တိုင်ပင်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၉ ရက်မနက်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အား ၁၇၀ ကျော်နဲ့ မုန်တိုင်ပင်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ရေဦးအခြေပြု People's Defense Comrade မှ သတင်းတာဝန်ခံ ကိုထူးခန့်ဇော်က မြေလတ်အသံကို ပြောပါတယ်။

"စစ်တပ်က ပထမတခါလည်း အိမ်တွေမီးရှို့တယ်။ ပြည်သူတွေကို အစုလိုက် အပြုံလိုက် မီးရှို့သတ်ခဲ့တယ်။ အခုလည်း ကောင်းတဲ့ကြီးတဲ့အိမ်တွေ မီးထပ်ရှို့တယ်။ အဲ့ဒီရွာနားမှာ မိုင်းဆွဲခံရတော့ အထိနာသွားတယ်။ ရွာမီးရှို့တော့ အပြစ်မဲ့ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့ဗျာ"လို့ ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မုန်တိုင်ပင်ရွာကို မရောက်ခင်မှာ ဒေသကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ 

မုန်တိုင်ပင်ကျေးရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ စံပြကျေးရွာကြီးဖြစ်ပြီး မီးရှို့ခံရလို့ နေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့ကာ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေမှာတော့ ပြန်လည်ထူထောင်ရေးနဲ့ စားနပ်ရိက္ခာတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကိုထူးခန့်ဇော်က ဆက်ပြောပါတယ်။ 

၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်ကလည်း မုန်တိုင်ပင်ကျေးရွာကို ခမရ ၇၀၈ စစ်ကြောင်း (ဘီလူးစစ်ကြောင်းအမည်ခံ) က နေအိမ် ၃၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူ ၃၀ ကျော်ကိုလည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ခဲ့ပါသေးတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #မုန်တိုင်ပင် #မီးရှို့ #နေအိမ်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10