ရေဦးမြို့နယ်ထဲက စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေ

ရေဦးမြို့နယ်ထဲက စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက နှစ်နှစ်နီးပါးကြာအောင် မီးဘေးသင့်စစ်ရှောင်နေရတဲ့ ၅၀၀၀ ဦးခန့်ဟာစားနပ်ရိက္ခာနဲ့ အမိုးအကာအတွက် အကူညီလိုအပ်နေတယ်လို့ ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့ ဦးဆောင်သူ ကိုထူးခန့်ဇော် ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခု၊ နိုဝင်ဘာလက စတင်ကာ စစ်ရှောင်လာခဲ့ကြတာဖြစ်ပြီး တောတိုက်တွေ၊ လယ်ကန်သင်းကျယ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြန့်ကျက်နေထိုင်ကြတာလို့ ဆိုပါတယ်။

"ငွေကြေးတတ်နိုင်တဲ့သူက အသားဟင်းဝယ်စားနိုင်ပေမယ့်၊ အများစုကတော့ ချောင်းမြောင်းတွေထဲမှာပဲ၊ သားငါးရှာဖွေစားသောက်ကြသလို လယ်ကန်သင်းတွေမှာ အလေ့ကျပေါက်တဲ့ အသီးအရွက်ခူးကာ ဖြစ်သလိုစားသောက်နေကြတယ်။ အမိုးတွေကလည်းလုံခြုံမှုမရှိဘဲ မိုးရေယိုတာတွေရှိတယ်။" လို့ ကိုထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

ဇဝ၊ နှောကုန်း၊ ကံပေါက်၊ ဝက်ဖိုး၊ မြင်းပေါက်၊ ရွာမိဿာ၊ မုတ်စီ၊ မူးဆုံ၊ ငြုတ္တုံ ၊ကုန်းသာ၊ ရွာသစ်ချမ်းသာ၊ ထန်းပင်ကုန်း၊ ဖလံဂုဏ်၊ စည်သာမြေ၊ ပန်းကုံး၊ ဗိုလ်ရုံ၊ ဇီးကန်၊ ချောင်းဦး၊ မုံတိုင်ပင်၊ ရွာဗုကြီး၊ ဂရ၊ မရိုးကုန်း၊ ညောင်လှ၊ ဆင်ခြံ၊ ချောင်းဆုံ၊ ကွမ်းအုံကျေးရွာတွေကမီးဘေးသင့် စစ်ရှောင်တွေလို့ သိရပါတယ်။

စစ်ရှောင်အများစုဟာ အလုပ်အကိုင်အခွင့်အလမ်း မကောင်းတာရယ် စစ်ကြောင်းပြန်လည်ဝင်ရောက်လာပါက ထပ်မံမီးရှို့ခံရမှာစိုးရိမ်လို့ ကျေးရွာအတွင်း တဲထိုးကာပင် မနေရဲတဲ့အတွက် တောတိုက်တွေထဲမှာ ထန်းလက်တွေ မိုးကာယာယီတဲတွေနဲ့ နေထိုင်ကြရတာလို့ ဆိုပါတယ်။

ဒါ့အပြင် မကြာခဏဆိုသလို တိမ်းရှောင်နေကြရတဲ့အတွက် ဆွေမျိုးသားချင်းရှိရာ မြို့ပေါ်တွေကို သွားရောက်နေထိုင်သူတွေရှိသလို ကျေးရွာအပေါ် သံယောဇဥ်ကြီး ဆက်လက်နေထိုင်သူတွေလည်း ရှိပြီး အချို့ဟာ တော်လှန်ရဲဘော်တွေနဲ့ ပူးပေါင်းကာဆက်လက်နေထိုင်သူတွေလည်းရှိတယ်လို့ ပြောပါတယ်။

မီးဘေးသင့်စစ်ရှောင် ပြည်သူတွေအတွက် လစဥ်လှူဒါန်းပေးမှု ပုံမှန်မရရှိသလို အလှူရှင်တွေဆီက လှူဒါန်းမှုတွေကိုလည်း အလှည့်ကျခွဲဝေပေးရတာမို့ ထိရောက်တဲ့ ထောက်ပံ့နိုင်မှုတော့မရှိဘူးလို့ ဆိုပါတယ်။

စစ်ရှောင်တွေရဲ့ နေထိုင်စားသောက်မှုနဲ့ လိုအပ်ချက်တွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးရဲဘော်တွေကပဲ အချင်းချင်းချိတ်ဆက် စီစဥ်ပေးနေတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကတော့ ကိုထူးခန့်ဇော်ဦးဆောင်တဲ့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ဟာ အသက်အရွယ်ကြီးရင့်သူတွေကို ဦးစားပေးကာ စစ်ရှောင်အိမ်ထောင်စု ၈၀ အတွက် ၁၅ ပေပတ်လည်အကျယ် မိုးကာအချပ်ရေ ၈၀ နဲ့အခြားအိမ်ထောင်စု ၁၀ စုကိုလည်း စောင်နဲ့ခေါက်ဆွဲထုပ် လှူဒါန်းခဲ့ကြပါသေးတယ်။

ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်နေဆဲဖြစ်ပြီး ထောက်ပံ့လှူဒါန်းလိုပါက ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့ Page ကနေ ဆက်သွယ်နိုင်တယ်လို့သိရပါတယ်။

 

ပုံစာ - ရေဦးမြို့နယ်ထဲက မီးဘေးသင့်စစ်ရှောင်တဲ။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #စစ်ဘေးရှောင် #မီးဘေးရှောင် #ကူညီထောက်ပံ့ရေး #ရိက္ခာ #လိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10