ရေဦးမြို့နယ်ထဲက ပျက်စီးနေတဲ့လမ်းပိုင်းတခုကို NUG စည်ပင်ဝန်ကြီးဌာန ချပေးငွေနဲ့ ပြုပြင်

ရေဦးမြို့နယ်ထဲက ပျက်စီးနေတဲ့လမ်းပိုင်းတခုကို NUG စည်ပင်ဝန်ကြီးဌာန ချပေးငွေနဲ့ ပြုပြင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာ ပျက်စီးနေတဲ့ လမ်းပိုင်းတခုကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက် စည်ပင်သာယာရေးဝန်ကြီးဌာန ချထားငွေနဲ့ ပြန်လည်ပြုပြင်နေတယ်လို့ ရေဦးပကဖတာဝန်ခံက ပြောပါတယ်။

ပြုပြင်နေတဲ့လမ်းပိုင်းမှာ လုံခြုံရေးအရလမ်းပိုင်းအမည်ဖော်ပြလို့မရဘဲ အဆိုပါလမ်းပိုင်းဟာ တိုက်ပွဲဖြစ်ပွားစဉ် ဗုံးသီးကျရောက်လို့ ပျက်စီးတာအပြင် ရေတိုက်စားတာတွေကြောင့်လည်း ပျက်စီးမှုတွေရှိနေလို့  ဧပြီ ၂၇ ရက်က စတင်ကာ ပြုပြင်နေတာလို့ ဆိုပါတယ်။ 

 “လမ်းတွေပျက်နေတော့ စစ်ရှောင်တဲ့အချိန်မှာ လမ်းကအပိုင်းလိုက် ကွက်ပျက်တော့ သွားလာရခက်တယ်။ ပြည်သူတွေကအများကြီးနဲ့ ကားတွေ လှည်းတွေနဲ့ ပြုံထွက်ရတော့ ကားတွေက ချိုင့်ခွက်တွေကိုရှောင်ရင်း မှောက်တာမျိုးတွေ ဖြစ်ခဲ့ဖူးလို့ ပြုပြင်ရတာပါ။ ပြင်ပြီးရင်တော့ သွားလာလို့ အရင်ထက် အဆင်ပြေသွားမှာပါ “လို့  အဲ့ဒီလမ်းပိုင်းကို ဦးစီးပြုပြင်နေတဲ့ ရေဦးပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။ 

အဲ့ဒီလမ်းပိုင်းပြုပြင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက် စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ လမ်းဦးစီးဌာနတို့ရဲ့ ပြုပြင်စရိတ်ချပေးငွေကို ရေဦးပအဖနဲ့ ပကဖတို့ ပေါင်းကာ ပြုပြင်နေတာလို့ ဆိုပါတယ်။

ပျက်စီးနေတဲ့လမ်းပိုင်းတွေကို ပြုပြင်နေဆဲဖြစ်ပြီး လုပ်ငန်းအဆင်ပြေပါက လာမယ့် ၁၀ ရက် အတွင်းမှာ ပြီးစီးနိုင်မှာဖြစ်ပေမယ့် လက်ရှိမှာ  စစ်ကြောင်းအခြေအနေနဲ့ စစ်ကောင်စီက ဘိလပ်မြေကို မြို့ပြင်သယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ကျောက်ရရှိမှုနဲ့ဘိလပ်မြေရရှိမှု အခက်အခဲဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ 

လမ်းပြုပြင်ရာမှာ ပန်းရံဆရာနဲ့ အခြားလိုအပ်တဲ့ ကျွမ်းကျင်သူတွေကိုတော့ အခငွေပေးရပြီး သဲနဲ့ ဘိလပ်မြေ စတဲ့ပစ္စည်းသယ်ယူတဲ့ အလုပ်ကြမ်းမျိုးတွေကိုတော့ ရေဦးပကဖ ရဲဘော်တွေက လုပ်အားပေးကြတယ်လို့ သိရပါတယ်။ 

အဲဒီလမ်းဟာ မူလက ကတ္တရာလမ်းဖြစ်ပြီး အခုပြုပြင်ရာမှာ ပျက်စီးနေတဲ့လမ်းနေရာကို ထပ်မံတူး‌ဖော်ကာ ၈ လက်မအထူ ကွန်ကရစ်လောင်းကာ လိုအပ်သလို  အစားထိုးပြုပြင်နေတာဖြစ်တယ်လို့ ပကဖတာဝန်ခံက ဆိုပါတယ်။

ပုံစာ - ပျက်စီးနေတဲ့ လမ်းပိုင်းကို ပြန်လည်ပြုပြင်နေမှုမြင်ကွင်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရေဦး #လမ်းပိုင်းပြုပြင် #ပကဖ #ပအဖ #NUG #ချပေးငွေ #စည်ပင်ဝန်ကြီးဌာန

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10