သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ဖမ်းထားတဲ့ဒေသခံ အမျိုးသား ၃ ဦး ဇန်နဝါရီ ၁၉ ရက်က ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ အသက် ၃၀ အရွယ် ၁ ဦး၊ အောင်ဆန်းရပ်ကွက်မှ အသက် ၁၉ နှစ်နဲ့ ၃၁ နှစ် ၂ ဦး စုစုပေါင်း အမျိုးသား ၃ ဦးဟာ ထိန်းသိမ်းခံထားရတဲ့ ရေဦးအထက ၁ စာသင်ကျောင်းအတွင်းကနေ ထွက်ပြေးလွတ်မြောက်လာတာလို့ ရေဦးမြို့နယ် ပကဖ တာဝန်ခံက ဆိုပါတယ်။
"သူတို့က အရင်ချိတ်ဆက်လာတာပါ။ အထက ကျောင်းနဲ့ ၁ မိုင်ကျော်ဝေးတဲ့ ရေဦးမြို့အထွက်နားမှာ သွားစောင့်ပြီး ခေါ်လာတယ်။ လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းပေးထားတယ်။" လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ က ၂၀၂၄ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းမှာ ရေဦးမြို့ပေါ်မှာ အင်အား ၂၀ ဦးပါစစ်ကားနဲ့ လှည့်လည်ကာ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ စုစုပေါင်းအမျိုးသား ၁၆ ဦးဖမ်းဆီခံခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေက ဆိုပါတယ်။
"ပေါ်တာအဆွဲခံရတာ ၁ လခွဲရှိပြီ။ ညအိပ်နေတုန်း သန်းခေါင်ကျော် ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲဝင်ဆွဲတယ်။ မနက်ပြန်ပို့မယ်ပြောပြီးတော့ ခေါ်သွားတယ်။ အထက ကျောင်းထဲမှာ သော့ပိတ်ခံထားရတယ်။" လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၃၀ အရွယ် အမျိုးသားက ပြောပါတယ်။
အဲ့ဒီရေဦး အထက ၁ ကျောင်းဝန်းထဲမှာပဲ ဖမ်းဆီးခံရသူစုစုပေါင်း ၁၆ ဦးရှိရာ ဇန်နဝါရီလအစောပိုင်းမှာ ၄ ဦးထွက်ပြေးသွားပြီး ဇန်နဝါရီ ၁၉ ရက်မှာ ၃ ဦး ထပ်မံထွက်ပြေးတာကြောင့် ကျောင်းထဲမှာဖမ်းဆီးခံရသူ ၉ ဦးကျန်ရှိနေတယ်လို့ အသက် ၃၁ နှစ်ရှိထွက်ပြေးလာသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ဆိုကာ ဖမ်းထားသူတွေကို စစ်ဆေးမေးမြန်းပြီး ဧက ၃၀ ခန့်အကျယ်အဝန်းရှိ ကျောင်းဧရိယာအတွင်း ၃ ထပ်ကျောင်းဆောင်ရဲ့ ဒုတိယထပ်အခန်းထဲမှာ သော့ခတ်ပိတ်ထားတာလို့ သူတို့ကဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ အဲဒီအထက်တန်းကျောင်းမှာ ရဲ၊ ပျူစောထီး၊ မီးသတ် စုစုပေါင်းအင်အား ၁၂ ဦး ကျောင်းအောက်ဆုံးထပ်မှာ စောင့်ကြပ်နေထိုင်ပြီး ညကင်းစောင့်ချိန်မှာ ၁၂ ဦးစလုံး ကင်းစောင့်ကြတယ်လို့ ထွက်ပြေးလွတ်မြောက်သူတွေရဲ့ ပြချက်အရ သိရပါတယ်။
ခုလို စောင့်ကြပ်ပိတ်လှောင်ခံထားရတဲ့ ကြားကနေပဲ သူတို့ ၃ ဦးဟာ မနက်အစောပိုင်း ၂ နာရီကျော်မှာ အရဲစွန့်ထွက်ပြေးခဲ့တာလို့ သူတို့က ပြောပါတယ်။
"လူတယောက် ဝင်ထွက်လို့ရတဲ့မှန်တွေကို ရိုက်ခွဲပြီးထွက်တယ်။ ပုဆိုးသုံးကွင်းဆက်ပြီးတော့ အောက်ကိုခုန်ချရတယ်။ တင်ပါးတွေနာတာနဲ့ ကျောကုန်းမှာ ပုလင်းကွဲရှထားတဲ့ဒဏ်ရာ ရထားပါတယ်။" လို့ အသက် ၃၁ နှစ်ရှိ ထွက်ပြေးလာသူတဦးက ပြောပါတယ်။
ကျောင်းထဲမှာ အဖမ်းခံထားရသူတွေကို ၂၀၂၅ ဖေဖော်ဝါရီ ၄ ရက်ကျရင် စစ်ကောင်စီရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်း တကျောင်းကို ပို့ပေးမှာဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောဆိုထားတယ်လို့ သူတို့ကဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသား ၃ ဦးကို ကျွေးမွေးစောင့်ရှောက်ထားပြီး တခြားမြို့နယ်တခုကို သွားဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးထားတယ်လို့ ရေဦးမြို့နယ် ပကဖ အဖွဲ့ကပြောပါတယ်။
စာတည်း - ဟယ်ရီ
#မြေလတ်အသံ
#ရေဦး #စစ်တပ် #ဖမ်းဆီး #ထွက်ပြေးလွတ်မြောက်
Share Share Share