ရေဦးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး

ရေဦးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံအမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၇ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်မှာ စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ရေဦးမြို့နယ်မြောက်ပိုင်း ၄ မိုင်ခန့်အကွာ ဖိန်းကားရွာဆန်စက်အတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ ၃၈ နှစ်အရွယ် ဆန်စက်လုပ်သား အမျိုးသား ၁ ဦးသေဆုံးခဲ့တာပါ။ 

အဲ့ဒီအမျိုးသားဟာ ဆေးခန်းကိုခေါ်သွားတဲ့လမ်းမှာ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် သူ့သမီးဖြစ်သူလည်း ခါးအောက်ပိုင်းမှာ မစိုးရိမ်ရဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။ 

"ဆန်စက်မှာ ညပိုင်းထမင်းစားနေတုန်း တံစက်မြိတ်နေရာကို လက်နက်ကြီးတလုံးကျတယ်။ အဲ့ဒီမှာ အဖေဖြစ်သူဆီးခုံကို ကျည်စမှန်တယ်။ သမီးဖြစ်သူလည်း ခါးအောက်ပိုင်းမှန်ခဲ့တယ်" လို့ ရေဦးမြို့နယ် ပကဖတာဝန်ခံ ဂိုဏ်းချုပ်က ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တပ်စွဲနေတာဖြစ်ပြီး နေ့တိုင်းနီးပါး ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ ပစ်ခတ်နေတာလို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းကလည်း ရေဦးမြို့နယ်၊ ဗိုလ်ရုံကျေးရွာကို စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပါသေးတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်အထိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၅,၂၈၅ ဦးရှိတယ်လို့ နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - လက်နက်ကြီးကျည်စထိမှန်တဲ့ သားအဖနှစ်ဦးကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ရေဦး #စစ်ကောင်စီ # လက်နက်ကြီးပစ်ခတ် #သေဆုံး #ဒဏ်ရာရ #ဒေသခံပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10