ရဲကင်းစခန်း ပစ်ခတ်ခံရပြီး လာကူတဲ့စစ်သားတွေပါမိုင်းဆွဲခံရလို့ သေဆုံးမှုတွေရှိ

ရဲကင်းစခန်း ပစ်ခတ်ခံရပြီး လာကူတဲ့စစ်သားတွေပါမိုင်းဆွဲခံရလို့ သေဆုံးမှုတွေရှိ

မကွေးတိုင်း၊ သရက်မြို့နယ်က ရဲကင်းစခန်းကို ဖေဖေါ်ဝါရီလ ၂၀ ရက်ဒီမနက်ပိုင်းက တိုက်ခိုက်ခဲ့ပြီး အဲ့စခန်းကို ကူဖို့လာတဲ့စစ်သားတွေကိုပါ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနဲ့ရဲ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Eagle Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
 
အင်အား ၁၅ ဦးဝန်းကျင်ရှိတဲ့ ဆင်ကော်တိုက်နယ်ရဲစခန်းကို ဒီနေ့မနက် ၆ နာရီလောက်မှာ တိုက်ခိုက်ခဲ့ပြီး လိုက်ထရပ်ကားနဲ့စစ်ကူလာတဲ့အင်အား ၂၅ ဦးဝန်းကျင်ပါ စစ်သားတွေကိုပါ စောင့်ကြိုမိုင်းဆွဲပစ်ခတ်ခဲ့တာလို့ Eagle Force အဖွဲ့တာဝန်ခံ ကိုမြတ်ကပြောပါတယ်။
 
"ရဲတွေရဲ့ အလောင်းကိုသရက်ဆေးရုံကိုသယ်သွားတယ်။ ဒုရဲအုပ်နဲ့ဒုတပ်ကြပ်က နေရာမှာပဲသေပြီး စခန်းမှူးက ဆေးရုံမရောက်ခင်လမ်းမှာသေတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ ရဲလည်း ၃ ယောက်ရှိတယ်လို့သိရတယ်။ ကပစ ၁၂ က စစ်သားတွေကို ဘယ်ကိုသယ်တယ်ဆိုတာတော့ ကျနော်တို့ နောက်ပြန်ဆုတ်လာခဲ့ရလို့ မသိရဘူး” လို့ပြောပါတယ်။
 
သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ - ၁၂က တပ်သားတွေဟာ သရက်မြို့နယ်၊ တွင်းလယ်ရွာမှာ တပ်စွဲထားတာဖြစ်ပြီး၊ စစ်ကူလာချိန် တွင်းလယ်ရွာနဲ့ ပုဏ္ဏားရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်သလို မောင်းပြန်တွေနဲ့ပါ နှစ်ဘက်ညှပ် ပစ်ခတ်ခံရတာကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
 
မိုင်းဆွဲခံရတာကြောင့် လိုက်ထရပ်ကားပက်လက်လှန်သွားပြီး ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို Eagle Force အဖွဲ့နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင် သေးပါဘူး။
 
ဒါ့အပြင်ဒီမနက် ၈ နာရီခွဲလောက်မှာလည်း အဆိုပါတပ်ဖွဲ့ဝင်တွေဟာ မင်းတုန်းမြို့နယ်၊ ၅ မိုင်စစ်ဆေးရေးဂိတ်ကိုပါ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Eagle Force အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၉ ရက်မနက်မှာလည်း ၁၂၀ မမ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ စတဲ့လက်နက်ကြီးကျည်တွေ ထုတ်လုပ်ပေးနေတဲ့ ကပစ ၁၂ ကိုရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခဲ့သလို ဖေဖေါ်ဝါရီလ ၁၅ ရက်ညမှာလည်း ကာကွယ်ရေးပစ္စည်းစက်ရုံလူပျိုဆောင်ကို ၉၀ မမရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
 
#မြေလတ်အသံ

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10