ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ ၃ ဦးထက်မနည်းထိခိုက်နိုင်

ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ ၃ ဦးထက်မနည်းထိခိုက်နိုင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုကို မေလ ၂၆ ရက်ညနေပိုင်းမှာ လက်နက်ငယ်တွေနဲ့ခြုံခိုတိုက်ခဲ့တဲ့အတွက် ၃ ဦးထက်မနည်း ထိခိုက်မှုရှိတယ်လို့ ABSDF Column – 3 တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
 
ရဲစခန်းအတွင်းကနေ စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၅၀ လောက်က ခြေလျင်ထွက်လာချိန် ညနေ ၄ နာရီလောက်မှာ တောင်ခင်ရန်းရွာအပြင်ကနေ တိုက်ခိုက်ခဲ့တာလို့ ABSDF စစ်ကြောင်း ( ၃ ) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။
 
"သူတို့(စစ်အုပ်စု)ထွက်လာတာကို တောင်ခင်ရမ်းရွာအနီးမှာ ကျနော်တို့က ခြုံခိုတိုက်ခိုက်တာပါ၊ လက်ဦးမှု ရယူနိုင်လိုက်တော့ သူတို့ဘက်က ၃ ဦးထိသွားတာ။ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်ကနေ ပြန်ဝိုင်းလာတာရော၊ သူတို့အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာတွေ လည်း ရှိတယ်"လို့ ဆိုပါတယ်။
 
ကာကွယ်ရေးတပ်တွေဘက်ကလည်း လက်လုပ်လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပြီး နှစ်ဘက်ပစ်ခတ်မှု ၁ နာရီလောက်အကြာမှာ စစ်အုပ်စုဘက်က ဒဏ်ရာရသူတွေကိုထမ်းပြီး တောင်ခင်ရန်းရဲစခန်းထဲကို ပြန်ဆုတ်သွားတယ်လို့ သူကဆက်ပြောပါတယ်။
 
စစ်အုပ်စုဘက်က ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက် မရသေးပါဘူး။
 
တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းချိန်မှာ စစ်အုပ်စုဘက်က ပစ်ခတ်ပြီး မပေါက်ကွဲတဲ့ ၆၀ မမ လက်နက်ကြီးအဆံ ၂ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ABSDF အမှတ် ၁၂ တပ်ရင်း၊ ယောဒေသက ရဲဘော်တွေနဲ့ ဒေသခံ ပူးပေါင်းပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ ABSDFနဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့မေလ ၂၅ ရက်ညနေကလည်း တောင်ခင်ရန်းရဲစခန်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး အရာရှိ ၁ ဦးအပါအဝင် ၈ ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
 
စာတည်း - လင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10