ရဲစခန်းရှေ့ထိ PDF က ဝင်ပစ်လို့ ရဲ ၃ ဦး သေဆုံးပြီး စခန်းမှူးမိန်းမအပါ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းရှေ့မှာ ပိုက်ဆံကောက်နေတဲ့ ရဲတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရဲ ၃ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးအပါ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Paladin Force U -18 အဖွဲ့ဆီက သိရပါတယ်။

 

ဇူလိုင် ၅ ရက်နေ့လယ် ၁ နာရီ ကျော်လောက်မှာ အင်အား ၂၀ ထက်မနည်းရှိတဲ့ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့လို့ ရဲတပ်သား ၃ ဦးသေပြီး စခန်းမှူးမိန်းမနဲ့ ကွမ်းယာရောင်းနေတဲ့ အမျိုးသမီးတဦးလည်း ထိမှန်သွားတယ်လို့ ဆိုပါတယ်။

 

“သူတို့ပိုက်ဆံကောက်နေတာကို ကျနော်တို့ကဝင်ပစ်တာ။ အဲဒီနေရာမှာပဲ ၃ ယောက်သေသွားတယ်။ ထိခိုက်တဲ့အထဲမှာ ပြည်သူတဦးပါသွားတော့ ကျနော်တို့ စိတ်မကောင်းပါဘူး။ ကျနော်တို့ ပစ်ခတ်ချိန်က ၃ မိနစ်လောက်ပဲ ကြာပါတယ်။ အခုလို ဇီးကုန်းရဲစခန်းကို သွားပစ်တာကလည်း ပထမအကြိမ်ပါ”လို့ Myanmar Paladin Force U – 18 အဖွဲ့ခေါင်းဆောင် ကိုရသက မြေလတ်အသံကို ပြောပါတယ်။

 

ပစ်ခတ်မှုပြီးတဲ့နောက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ပြီးတဲ့အချိန်မှာတော့ ရဲစခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့သလို လူအင်အားတွေလည်း ထပ်ဖြည့်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ကိုရသ က ဆက်ပြောပါတယ်။

 

“မြို့အဝင်၊အထွက်တွေကို ပိတ်ထားတယ်။ စစ်ဆေးတာတွေပြုလုပ်နေတယ်။ လူအင်အားလည်း ၂၀၀ လောက်ထပ်ဖြည့်ထားတယ်။ ကျနော်တို့ဝင်ခဲ့တဲ့ရွာတွေဘက်ကိုလည်း လူအင်အား ၂၀ လောက်နဲ့ လှည့်ပတ်ပြီး လိုက်ခြိမ်းခြောက်တာမျိုးတွေရှိတယ်။”လို့ ဆိုပါတယ်။

 

Myanmar Paladin Force U – 18 တပ်ဖွဲ့ဟာ ဇူလိုင်လ ၄ ရက် ညနေ ၅ နာရီခွဲလောက်ကလည်း ကန့်ဘလူမြို့နယ်၊ ချစ်မြစ်ကျင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

 

တည်းဖြတ် −ဇို

 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ဇီးကုန်း #ရဲစခန်း #PDF #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10