ရဲတပ်ကြပ်တဦး ဇနီးသည်ကိုခေါ်ပြီး လက်နက်နဲ့အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၃၀ ပေးအပ်

ရဲတပ်ကြပ်တဦး ဇနီးသည်ကိုခေါ်ပြီး လက်နက်နဲ့အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၃၀ ပေးအပ်

■ နောက်ထပ်လက်နက်နဲ့အလင်းဝင်မယ့်သူတွေအတွက် ဆုငွေလျှော့ချထားဟု မြိုင်ပကဖဆို

မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ မြို့မရဲစခန်းက ရဲတပ်ကြပ်တဦးနဲ့ဇနီးဖြစ်သူတို့ အောက်တိုဘာ ၂ ရက် ဒီကနေ့ မနက် ၆ နာရီလောက်မှာ မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆီ လက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့ မြိုင်ပကဖဆီက သိရပါတယ်။

အလင်းဝင်ရောက်လာသူမှာ မြိုင်မြို့မဂိတ်မှာတာဝန်ကျတဲ့ ရဲတပ်ကြပ် အောင်ကိုနဲ့ ၎င်းရဲ့ဇနီးတို့ဖြစ်ပြီး  ၎င်းကိုင်ဆောင်တဲ့ BA 63( G3) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၂၅ တောင့်နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ ကျနော်တို့က ပတ်သွားနေရတယ် အရင်က မကွေးတို့ ပြည်သူ့စစ်ရွာတွေဘက်ကိုကျတယ်။ အခုမှ မြိုင်ကိုရောက်တာ။ ထွက်လာတဲ့အချိန်မှာတော့ စိုးရိမ်စိတ်ကတော့ရှိတာပေါ့။ ကျနော့်အမျိုးသမီးကလည်း စခန်းမှာ သူ့ကိုလည်းချိတ်ဆက်ရသေးတယ်။ ရင်ထဲတော့ ကြောက်လန့်စိတ်တော့ဖြစ်တာပေါ့၊ ကျနော်အရင်ထွက်လာပြီး  အမျိုးသမီးကိုတော့ စျေးမှာသွားခေါ်ခဲ့ရတာ” လို့ အလင်းဝင်ရောက်လာတဲ့ ရဲတပ်ကြပ်ကိုအောင်ကိုက မြေလတ်အသံကို ပြောပါတယ်။

မြိုင်နယ်ဒေသခံလည်းဖြစ်တဲ့ ကိုအောင်ကိုဟာ အလင်းဝင်ရောက်လာရတာကြောင့် မိသားစုဝင် ၊ ဆွေမျိုးအပေါင်းအသင်းတွေ နဲ့ ပြန်လည်ဆုံတွေ့ရတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

လက်နက်၊ ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတဲ့ ရဲတပ်ကြပ် အောင်ကိုနဲ့ဇနီးဖြစ်သူကို မြိုင်ပကဖ က ဆုငွေ ကျပ်သိန်း ၃၀ ပေးအပ်ခဲ့ပြီး မြိုင်ပကဖအနေနဲ့ ၎င်းတို့တပ်ဖွဲ့ထံ နောက်ထပ် လက်နက်နဲ့ အလင်းဝင်လာမယ့် သူတွအတွက် ဆုကြေးငွေကို သိန်း ၃၀ အထိ လျှော့ချထားတယ်လို့ ဆိုပါတယ်။

“ ဒီလောက်တောင် ကာလကြာလာတာနဲ့အမျှ သူတို့(Non CDM) နားမလည်လို့ ငွေလျှော့ပစ်တာ ကာလကကြာလာပြီ တကယ်တော့သိသင့်နေပြီလေ။ ဒါပေမဲ့ ကျနော်တို့က ထိုက်သင့်တဲ့ကျွေးမွေး စောင့်ရှောက်မှုတွေ လိုအပ်တဲ့အခက်အခဲတွေကို ဖြည့်ဆည်းသွားမှာပါ။ ဒါပေမဲ့ (လက်နက်ပါသူတွေကို) သိန်း ၃၀ ဆယ်ထက် ပိုမပေးတော့ဘူး ” လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ဆိုပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ လက်နက်နဲ့အလင်းဝင်လာသူတွေကို အနည်းဆုံးကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း ၂၀၀ လောက်အထိ တပ်ဖွဲ့ဘက်က ဆုချီးမြင့်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြိုင်မြို့နယ်ပကဖထံအလင်းဝင်ရာက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ရှိပြီး အဲဒီထဲမှာမှ လက်နက်နဲ့ အလင်း ဝင်လာသူ ၂၈ ဦးလောက်ရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မြိုင် #အလင်းဝင် #ရဲတပ်ကြပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10