ရဲလိုင်းကြေးကောက်ပေးသူတဦး သေနတ်နဲ့ပစ်သတ်ခံရ

ရဲလိုင်းကြေးကောက်ပေးသူတဦး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ အောက်တိုဘာလ ၃၁ ရက် မနေ့ညနေ ၅ နာရီခန့်က ရဲလိုင်းကြေးကောက်ပေးသူတဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အသတ်ခံရသူမှာ နတ်တလင်းမြို့နယ်၊ ထိပ်ပိတ်ရွာနေ အသက် ၄၅ နှစ်အရွယ် ကိုချစ်ကိုကိုဖြစ်ပြီး ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာစဉ် ဗူးကြီးရွာနဲ့ ထိပ်ပိတ်ရွာအကြား ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

"ဆိုင်ကယ်ကယ်ရီနဲ့သူ့ရွာကိုပြန်လာတဲ့အချိန် ချစ်ကိုကိုပဲ ဦးတည်ပြီး  ၅ ချက်တိတိပစ်ခဲ့တာ နေရာမှာပဲ ပွဲချင်းပြီးသေတယ်"လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ 

သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် ဆိုင်ကယ်ကယ်ရီမောင်းသူမှာလည်း တင်ပါး၊ ရင်ဘတ်နဲ့ ကျောကုန်း တို့မှာ သေနတ်ကျည် ရှပ်ထိဒဏ်ရာ ၃ ချက်ရခဲ့တယ်လို့ဆိုပါတယ်။

ကိုချစ်ကိုဟာ နတ်တလင်း ဒန (ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့) အတွက် လောင်းကစား လိုင်းကြေးကောက်ခံပေးတာ သတင်းပေးအင်ဖော်မာလုပ်ဆောင်ပြီး ကိုယ်တိုင်လောင်း ကစားလုပ်ကိုင်နေသူဖြစ်တယ်လို့လည်း နတ်တလင်းမြို့နယ်သားတဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊တပ်ခွဲ ၄ ပြည်တော်ဝင်မြို့ပြပြောက်ကြားအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ပစ်သတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အောက်တိုဘာလ ၂၉ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က စစ်ကောင်စီခန့် သရက်နှစ်ဖျားလိန်ကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကိုမြင့်ကျော်လည်း အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့ပါသေးတယ်။

နတ်တလင်းမြို့နယ်ဟာ စစ်ကောင်စီခန့်ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းရဲ့ ဇာတိမြို့ဖြစ်ပြီး သင်တန်း ဆင်း ပြည်သူ့စစ်နဲ့စစ်သားတွေပေါင်းကာ ကင်းလှည့်လုံခြုံရေးယူနေတယ်လို့လည်း သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ရဲသတင်းပေး #ဒန #လိုင်းကြေးကောက်သူ #အသတ်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10