ရွာပေါင်းစုံလူထုသပိတ်ရဲ့ ၃ နှစ်ပြည့် သပိတ်လှုပ်ရှားမှု

ရွာပေါင်းစုံလူထုသပိတ်ရဲ့ ၃ နှစ်ပြည့် သပိတ်လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတခုမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေဟာ ဒေသခံတွေနဲ့ပူးပေါင်းပြီး မတ် ၉ ရက် ဒီမနက်ပိုင်းမှာ သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ဒီလှုပ်ရှားမှုဟာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ လူထုသပိတ်ကော်မတီဝင်တွေရဲ့ နေ့စဥ်သပိတ် စစ်ကြောင်းထွက်တာ ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသတွင်းက တော်လှန်ပြည်သူတွေနဲ့ ပြည်တွင်းပြည်က တော်လှန်ပြည်သူတွေရဲ့ ပူးပေါင်းဝန်းရံမှုတွေကြောင့် အခက်ခဲတွေကြားကနေ ခုလိုသပိတ်လှုပ်ရှားမှု၊ သပိတ်စစ်ကြောင်းတွေ လုပ်နိုင်ခဲ့တာလို့ ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုလွမ်းသူ က ပြောပါတယ်။ 

ဒါ့အပြင် တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ အမြတ်ထုတ်ကိုယ်ကျိုးရှာသူတွေ များလာပြီး ဒီလူတွေကိုလည်း လူထုအားနဲ့ပဲ တိုက်ထုတ်ဖို့လိုတယ်လို့ ဆိုပါတယ်။ 

"တော်လှန်ရေးကို ခုတုံးလုပ်အကြောင်းပြပြီး အမြတ်ထုတ် ကိုယ်ကျိုးရှာနေသူတွေ ရှိတယ်။ ဒီလိုလူတွေကိုလူထုအားနဲ့ တိုက်ထုတ်ကြဖို့လိုပါတယ်" လို့ ကိုယ်လွမ်းသူက ပြောပါတယ်။  

ဒါ့အပြင် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တိုင်းရင်းသား တန်းတူ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို မရောက်မချင်း ချီတက်တိုက်ပွဲဝင်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံစုစုပေါင်းအင်အား ၃၀၀ ဝန်းကျင်ပါဝင်ပြီး "လူထုမရှိရင် တော်လှန်ရေးမရှိ၊ လူထုမပါက တော်လှန်ရေးမအောင်" စတဲ့  စာသားပါ ဘန်နားတွေကို ကိုင်ဆောင်ပြီး တော်လှန်ရေးဆောင်ပုဒ်တွေကို ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်သတင်း 

#စစ်ကိုင်း #ယင်းမာပင် #လူထုသပိတ်၃နှစ်ပြည့် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10