ရွာမီးရှို့ပြန်လာတဲ့စစ်ကြောင်းကို စနိုက်ပါနဲ့ပစ်လို့ ဗိုလ်အဆင့်ရှိသူ ၁ ဦးသေဆုံးဟုဆို

ရွာမီးရှို့ပြန်လာတဲ့စစ်ကြောင်းကို စနိုက်ပါနဲ့ပစ်လို့ ဗိုလ်အဆင့်ရှိသူ ၁ ဦးသေဆုံးဟုဆို

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ထန်းကုန်းရွာကနေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စနိုက်ပါနဲ့ပစ်ခတ်ရာ ၁ ဦး သေဆုံးခဲ့တယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က သတင်းထုတ်ပြန်ထားပါတယ်။

မတ် ၂၄ ရက် မနက် ၉ နာရီလောက်မှာ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ထန်းကုန်းရွာကနေအိမ် ၂၅ လုံးကို မီးရှို့ခဲ့တဲ့ အင်အား ၅၀ ပါ စစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ - PPDF တပ်ရင်း စနိုက်ပါအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ 

“မီးရှို့ပြီး စစ်ကြောင်းက ပြန်ထွက်လာတာကို ရွာပြင်ကနေ ကိုက် ၃၀၀ အကွာက ပစ်တာမှာ အရုပ်ကြိုးပြတ် လဲကျသေဆုံးသွားတာ” လို့ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သေဆုံးသူဟာ စစ်ဗိုလ်တဦးဖြစ်တယ်လို့ PPDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် သူဟာ ဘယ်လိုရာထူးမျိုးလဲဆိုတာကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး သေဆုံး အလောင်းကို ပုခက်နဲ့ထမ်းကာ ဝဲကြီးဆည်အနီး ပျဉ်ကြီး(ရွာ)စက်လှေဆိပ်ကို ပြန်သယ်သွားပြီး အဲ့ဒီစက်လှေဂိတ်အနီးမှာ ညအိပ်စခန်းချခဲ့တယ်လို့ ဆိုပါတယ်။ 

မတ် ၂၅ ရက် ဒီမနက်မှာတော့ စစ်ကြောင်းဟာ ပျဉ်ကြီးရွာကနေ အင်အား ၂၀ ဦးကျော်နဲ့ ထွက်လာပြီး လက်ရှိမှာ ရွှေဂဲပေါက်ရွာတဝိုက်ကို ရောက်ရှိနေတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၄ ရက် မနက် ၁၁ နာရီလောက်ကလည်း PPDF တပ်ရင်းရဲ့ စနိုက်ပါအဖွဲ့ဟာ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မကြီးစမ်းရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။              

ပုံစာ - ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #မီးရှို့ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10