ရွာရှည်ရွာကို စစ်တပ်က မီးရှို့ပြီး ဒေသခံ ၅ ဦးကိုပါ မီးရှို့သတ်

ရွာရှည်ရွာကို စစ်တပ်က မီးရှို့ပြီး ဒေသခံ ၅ ဦးကိုပါ မီးရှို့သတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာက ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်သားတွေက မီးရှို့သတ်ပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၁၃ ရက် မနက် ၈ နာရီလောက်မှာ ဆီမီးခုံဆိပ်ကမ်းကနေ အင်အား  ၁၀၀ ကျော်ပါ စစ်သားတွေက စစ်ကြောင်း ၂ ကြောင်းခွဲပြီးထွက်လာချိန် ရွာရှည်ရွာအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် ရွာထဲကိုစီးနင်းဝင်ရောက်ခဲ့ပါတယ်။  

အဲဒီနောက် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ နေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၄၅ နှစ်အရွယ် ကိုမင်းနိုင်၊ ၅၅ နှစ်အရွယ် ဦးမြင့်မောင်၊ ၆၅ နှစ်အရွယ် ဒေါ်ပေါကြည်၊ အသက် ၇၀ အရွယ် ဦးသန်းမြိုင်နှင့် ဒေါ်မြသွင်တို့ကိုပါ မီးရှို့သတ်ခဲ့တာလို့ ဆိုပါတယ်။ 

“မီးရှို့ခံထားရတဲ့  အလောင်းတွေကိုတော့ ပြာပုံပေါ်မှာ ပြန်တွေ့တာ။ သူတို့တွေက ပြေးမဲ့အချိန် စစ်ကြောင်း ၂ ကြောင်းက ဝင်လာတော့ ဖမ်းမိသွားတဲ့သဘော။ ရွာထဲမှာလည်း ဘုန်းကြီးကျောင်း တကျောင်းပဲ ကျန်ခဲ့တယ်” လို့ မြင်းခြံပကဖတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရွာရှည်ရွာကို မီးရှို့ဖျက်ဆီးပြီး အဲဒီနေ့ ညနေ ၆ နာရီခွဲလောက်မှာပဲ ၁ မိုင်အကွာရှိ ဆီးမီးခုံရွာထဲကို ပြန်သွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ ရွာရှည်ကျေးရွာက ဦးကျော်ဦး၊ ဒေါ်ကြည်မေ၊ ဦးအောင်ဝင်း၊ ဦးမောင်မော်၊ ဦးရဲဝင်းဦး၊ ဦးကျော်ဦးနဲ့ ဦးကျော်နိုင်တို့လည်း ပျောက်နေပြီ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။ 

“အဲ့ဒီလူတွေက ဖမ်းဆီးခံလိုက်ရတာလား၊ ပျောက်နေတာလား ဘယ်လိုဖြစ်နေတာလဲဆိုတာတော့ ကျနော်တို့ သေချာမသိရသေးဘူး။ စစ်ဘေးရှောင်ကန့်တွေမှာလည့်း လိုက်ကြည့်တော့မတွေ့ဘူး။ ဖုန်းတွေကလည်း အဆက်အသွယ်မရဘူး” လို့ မြင်းခြံပကဖတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။  

ရွာရှည်ရွာဟာ အခုလိုမီးရှို့ဖျက်ဆီးခံရတာ ပထမအကြိမ်ဖြစ်ပြီး အဲ့ဒီရွာက အိမ်ထောင်စု ၂၈၅ စု အပါအဝင် အခြားရွာနားနီးစပ်က ပြည်သူတွေဟာ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံ #ရွာရှည်ရွာ #စစ်ကောင်စီ #သတ်ဖြတ် #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10