ရွာလုံးကျွတ် ပြည်သူ့စစ်ထဲဝင်မယ်လို့ ပြောတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ အသတ်ခံရ

ရွာလုံးကျွတ် ပြည်သူ့စစ်ထဲဝင်မယ်လို့ ပြောတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပျဥ်ပုံကျေးရွာက ရွာလုံးကျွတ် ပြည်သူ့စစ်ထဲဝင်မယ်လို့ စစ်ကောင်စီကိုအဆိုပြုထားတဲ့ ပျူစောထီးခေါင်းဆောင် ဆိုသူကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ နတ်တလင်းအခြေစိုက် နတ်စစ်သည်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပျဉ်ပုံရွာက ပျူစောထီးခေါင်းဆောင်လို့လူသိများတဲ့ အသက် ၅၀ နှစ်အရွယ် ကိုစိုးလေးကို တရွာတည်းနေ သူ့ယောက္မ ပျဉ်ပုံအုပ်စုအုပ်ချုပ်ရေးမှူး ကိုဘဲမီးအိမ်မှာ မတ်လ ၁၈ ရက် ည ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“စိုးလေးတို့ သမီးယောက္မက ပြည်သူ့စစ်ထဲ ရွာလုံးကျွတ်ဝင်မယ်ဆိုပြီး စကစကို အဆိုပြုထားသူ တွေပါ။ မနေ့ညက ကျနော်တို့  ဘဲမီးအိမ် ဝင်တော့ အိမ်တံခါးပိတ်ထားလို့ ဖွင့်ခိုင်းနေတုန်းမှာ စိုး‌လေးက ရုတ်တရက် ရောက်လာပြီး ဓါးနဲ့ ခုတ်ဖို့ ကြိုးစားလို့ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့ဝင်တယောက်က သေနတ်နဲ့ပစ်လို့ ပွဲချင်းပြီးသွားတာ” လို့  နတ်စစ်သည်တပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးတဲ့ ကိုစိုးလေးဟာ ကိုဘဲမီး မတိုင်မီက ပျဉ်ပုံအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ပြီး နတ်စစ်သည်အဖွဲ့ ရဲ့  ပစ်မှတ်စာရင်းဝင် ပျူစောထီးခေါင်း‌ဆောင်တဦး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နောက်ပြန်ဆုတ်ချိန် အုပ်ချုပ်ရေးမှူးဘဲမီးနဲ့အတူ နေအိမ်တွင်းရှိနေတဲ့ ပျူစောထီးအင်အား ၂၀ ကျော်လောက်က ဓါးနဲ့လိုက်ခုတ်ဖို့ ကြိုးစားတာကြောင့်  တော်လှန်ရေးအဖွဲ့တွေက ခြောက်လှန့်ကာ သေနတ်ပစ်ဖောက်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။ 

မတ်လ ၁၉ ရက် ဒီမနက်မှာတော့ ကိုစိုးလေးရဲ့အလောင်းကို ‌နတ်တလင်းမြို့နယ် တောင်ညိုကွက်သစ် ဆေးရုံ ရင်ခွဲရုံကို စစ်ကောင်စီအဖွဲ့တွေက သယ်သွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အလားတူ နတ်တလင်းမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စုက ပြည်သူ့စစ်စု‌ဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူးမျိုးမြင့်သိန်းကိုလည်း မတ်လ ၁၇ ရက် ညနေမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ ခြေထာက်မှာ သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။ 

ပုံစာ - နတ်စစ်သည် တပ်ဖွဲ့၀င်မျာ။ (ပုံဟောင်း)

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ပျူစောထီးခေါင်းဆောင် #ပစ်ခတ်ခံရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10