ရွှေကျင် - ညောင်လေးပင်လမ်းပိုင်းမှာ PDF က ရှောင်တခင် စစ်ဆေးမှုများပြုလုပ်( ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင် - ညောင်လေးပင်လမ်းပိုင်းမှာ PDF တွေက ရှောင်တခင် စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြည်သူတွေနဲ့ ရောပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၁၀ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ပြုလုပ်ခဲ့တယ်လို့ Royal Peacock Column အဖွဲ့ဆီက သိရပါတယ်။

အဲဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက်  စစ်ဆေးမှုတွေပြုလုပ်ရကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သက်ခြင်း  ၊ အတူအတူ ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ ပြောထားပါတယ်။

“ကျနော်တို့စိုးမိုးနယ်မြေဖြစ်တဲ့လမ်းပိုင်းမှာ စစ်ကောင်စီကအရပ်သားအသွင်နဲ့ သွားလာလှုပ်ရှားမှုတွေ လက်နက်ခဲယမ်းသယ်ဆောင်မှုတွေ စစ်ရေးလုပ်ရှားမှုတွေရှိနေတဲ့အတွက်ကြောင့်မို့အရပ်သား ပြည်သူတွေနဲ့ရော ပြီးတော့ အဲ့လိုလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ အဓိကစစ်ဆေးတာပါ ”လို့ Royal Peacock Column အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

အခုလို ရွေကျင် - ညောင်လေးပင်လမ်းပိုင်းကို ရှောင်တခင်စစ်ဆေးတာဟာ ပထမအကြိမ်ဖြစ်ပြီးတော့ အဲဒီလမ်းပိုင်းနဲ့ ဆက်စပ်နယ်မြေ ၇၀ ရာခိုင်နှုန်းလောက်ကိုလည်း စိုးမိုးထားနိုင်ပြီဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ညောင်လေးပင်မှာရှိတဲ့ ကျေးရွာဘယ်လောက်ကို စိုးမိုးထားနိုင်ပြီးလဲဆိုတာကိုတော့ စစ်ရေးအရ အသေးစိတ်ပြောပြဖို့ကတော့ခက်တယ်။ ဒါပေမဲ့ စစ်တောင်းမြစ်ပတ်ချာလည်မှာရှိတဲ့ နယ်မြေအချို့ကတော့ ကျနော်တို့နယ်မြေစိုးမိုးလုပ်ထားပြီးပါပြီ ”လို့ ဆိုပါတယ်။

အဲဒီလမ်းပိုင်းမှာ စစ်ဆေးမှုပြုလုပ်နေချိန် ခရီးသွားတွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်မှန်းမသိချိန်က စိုးရိမ်မှုတွေရှိခဲ့ပေမယ့်လည်း သိသွားတဲ့နောက်မှာတော့ ဝမ်းပမ်းတသာနဲ့ ပူးပေါင်းခဲ့ကြတယ်လို့ဆိုပါတယ်။

နယ်မြေစိုးမိုးနိုင်တဲ့နေရာတချို့မှာ  နယ်မြေလုံခြုံရေးတွေဆောင်ရွက်ပေးနိုင်ပြီဖြစ်သလို ဒီထက်ပိုပြီးတော့လည်း နယ်မြေတွေပိုပြီးတိုးချဲ့စိုးမိုးနိုင်အောင် ကြိုးစားသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီ စစ်ဆေးမှုကို  Royal Peacock Column၊ Spring Warriors Column နဲ့  ၃၇၀၂ တပ်ရင်းများက ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Royal Peacock Column တပ်ဖွဲ့ဟာ ဇူလိုင်လ ၇ ရက်ကလည်း ပဲခူးတိုင်းဒေသအတွင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကိုသွားပြီး နယ်မြေလုံခြုံရေးများပြုလုပ်ပေးခဲ့သလို ဒေသခံတွေ နဲ့လည်း  တွေ့ဆုံပြီးသူတို့တွေရဲ့လိုအပ်ချက်တွေကိုလည်း မေးမြန်းခဲ့ပါသေးတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ပဲခူးတိုင်းသတင်း #ရွှေကျင် #ညောင်လေးပင် #ရှောင်တခင်စစ်ဆေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10