ရွှေဆိုင်ပိုင်ရှင်အိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ နဲ့ ရွှေထည်ပစ္စည်းတွေပါသွား

ရွှေဆိုင်ပိုင်ရှင်အိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ နဲ့ ရွှေထည်ပစ္စည်းတွေပါသွား

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ်မှာ ဇန်နဝါရီ ၁၉ ရက် မနေ့ညက ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-ပြင်စည်လမ်းပေါ် ရှိ သဇင်ရွာက “ရွှေလွန်းနဒီ” ရွှေဆိုင်ပိုင်ရှင် ဦးမြင့်နဲ့ ဒေါ်သင်းနွယ်တို့ နေအိမ်ကို မနေ့ည ၉ နာရီခွဲလောက်မှာ ဓါးပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

ဓါးပြတိုက်ချိန် ရွှေဆိုင်ပိုင်ရှင်လင်မယားနဲ့ သမီးဖြစ်သူတို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုကျော်ထက်ဇော်ကိုတော့ ဓါးပြတွေက ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။

“ကောင်လေးက အသက်မသေရုံပဲကျန်တယ်။ ဦးခေါင်းတွေလည်း ရိုက်ခံရတယ်။ ပြင်းပြင်းထန်ထန် ခံရတယ်တော့ ကြားတယ်။ ငွေသိန်း ၂၀၀ လောက်နဲ့ ရွှေထည်တွေလည်း ပါသွားတယ်။ အလေးချိန်တော့ မသိရသေးဘူး” လို့  မြို့ခံတဦးက ပြောပါတယ်။ 

ဓါးပြတိုက်သူ အမျိုးသား ၆ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့လာရောက်တာဖြစ်ပြီး နေအိမ်ခြံဝန်းအတွင်း ဘယ်လို ဝင်ရောက်သွားတယ်ဆိုတာကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ရိုက်နှက်ခံရတဲ့ ရွှေဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူ ကိုကျော်ဇင်ထက်ကို မန္တလေးဆေးရုံကြီးမှာ ဆေးကုသပေးထားတယ်လို့ သိရပါတယ်။  

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မနက်ကလည်း နွားထိုးကြီးမြို့ အမှတ် ၅ ရပ်ကွက်၊ မန္တလေးလမ်းပေါ်မှာ ဖွင့်ထားတဲ့ ရွှေလွန်းနဒီရွှေဆိုင် ကို အမျိုးသား ၂ ဦးက သေနတ်ဖောက်ကာ လုယက်ခဲ့တာကြောင့်  ကျပ် ၁၀ သိန်းလောက်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာအချို့ ဆုံးရှုံးခဲ့ပါသေးတယ်။ 

ပုံစာ - ရွှေလွန်းနဒီရွှေဆိုင်။ (ပုံဟောင်း)  

စာတည်း - လင်း  

#မြေလတ်အသံ

#မန္တလေးတိုင်း #နွားထိုးကြီးမြို့နယ် #ရွှေလွန်းနဒီ #ရွှေဆိုင် #ဓါးပြတိုက်ခံရ #ကျပ်သိန်း၂၀၀ဆုံးရှုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10