ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး နေထိုင်ခဲ့တဲ့အိမ်ကို စစ်ကောင်စီက ဩဂုတ်လ ၃ ရက် ဒီမနက် ၉ နာရီခွဲလောက်က လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေါ်မြခွာညိုဦးက ပြောပါတယ်။

ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ကင်ပွန်းခြုံလမ်းရဲစခန်းရှေ့က မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီတပ်နဲ့ရဲအင်အား အများအပြားလာရောက်ကာ ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။

“ကျမနေတဲ့အိမ်ကို ချိပ်ပိတ်သွားတာပါ၊ ရဲတွေစစ်သားတွေက သေနတ်တွေချိန်ပြီး ချိပ်ပိတ်တာလို့ သိရတယ်။ ကျမအိမ်ကထွက်ပြီးကတည်းက ကျန်တဲ့မိသားစုဝင်တွေလည်း CDM တွေဆိုတော့ အိမ်မှာမနေကြတော့ အိမ်မှာက ဘယ်သူမှမရှိဘူး" လို့ ဒေါ်မြခွာညိုဦးက ပြောပါတယ်။

အဲဒီအိမ်ဟာ ဒေါ်မြခွာညိုဦး နေထိုင်ခဲ့ပေမယ့် သူ့ဖခင်အမည်ပေါက်နေအိမ်ဖြစ်ကာ  ပြီးခဲ့တဲ့နှစ် မေလကလည်း ဝရမ်းစာကပ်တာမျိုးရှိခဲ့ပြီး မည်သည့်အကြောင်းအရာဆိုတာတော့ သေချာမသိရဘူးလို့သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက ဒေါ်မြခွာညိုဦးကို ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ထားသလို အကြမ်းဖက်ပုဒ်မတွေနဲ့လည်း အမှုဖွင့်ထား‌တာတွေရှိတယ် လို့ဆိုပါတယ်။

ဒေါ်မြခွာညိုဦးဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေရဲ့နေအိမ်တွေကိုချိပ်ပိတ်မှုတွေရှိပေမယ့် ခိုင်လုံတဲ့ပိုင်ဆိုင်မှုတင်ပြနိုင်ခြင်းမရှိလို့ ချိပ်ပိတ်ခံရတဲ့ နေအိမ်တိုင်းကို တရားရုံးတင်အမှုဖွင့်နိုင်တာမျိုးတော့ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦး က ပြောပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦးရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီကချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ NLD ပါတီရဲ့ ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #ပြည်ခရိုင် #ရွှေတောင် #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #NLD #ချိပ်ပိတ် #CDM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10