ရွှေထီးဆောင်းတဲ့ဒဏ် မခံနိုင်တဲ့ လူ့ဗာလ (သရော်စာ)

ရွှေထီးဆောင်းတဲ့ဒဏ် မခံနိုင်တဲ့ လူ့ဗာလ (သရော်စာ)

“သတင်းထူးတယ်ဗျို့  သတင်းထူးတယ်”

“ဘာသတင်းလဲ ကိုသာဖြိုးရေ လင်းစမ်းပါဦး” 

“မြို့သိမ်း စခန်းသိမ်းတာတွေကတော့ သိပြီးပြီဗျ”

  “ခုဟာက တမျိုးဆန်းတာဗျို့  ကိုကြီး‌အောင်ရေ။”

ဒီလိုဗျို့  အာဏာသိမ်းစစ်ခေါင်း‌ဆောင် မအလကြီးက သူတလျှောက်လုံး မက်နေတဲ့ အိပ်မက်ကြီး အကောင်ထည်ပေါ်ပြီကွဆိုပြီး မနေ့ညက  TV တွေ ရေဒီယိုတွေကနေ ကြေညာတာ ပလူပျံနေတာပဲဗျို့။ 

“ဘယ်လို အိပ်မက်တွေအကောင်ထည်ပေါ်လာလို့  ဒီလောက်တောင် ကြေညာရတာတုန်း ကိုသာဖြိုးရယ်”

“ဒီလိုလေဗျာ၊ ကျန်းမာရေးမကောင်းလို့ဆိုပြီး ဖယ်ရှားခံရတဲ့ ယာယီရုပ်သေး ဒုသမ္မတ မြင့်ဆွေနေရာမှာ တာဝန်တွေလစ်လပ်နေတဲ့အတွက် မနေ့မနက်က  ယာယီသမ္မတရုံးကနေ မအလကြီးဆီကို စာပို့လာလို့  ယာယီ သမ္မတရာထူးကို လက်မှတ်ထိုး လက်ခံလိုက်ရတယ်ဆို။ ခေါင်းပေါင်းစ တလူလူ တိုက်ပုံအဖြူနဲ့  ချိတ်ပုဆိုးကြီးဝတ်လို့  စလွယ်ကြီးတလွယ်လွယ်နဲ့  မအလတယောက် အနူတောက လူချောရုပ်နဲ့  လူလုံးထွက်ပြ သဗျို့။”

“နေအုံးဗျ ကိုသာဖြိုးရ၊ အဲဒီ ယာယီသမ္မတရုံးဆိုတာက ဘယ်သူ့လက်အောက်ကလည်း ဗျ”

“ခင်ဗျားလည်း သိပြီးသားပဲ ကိုကြီးအောင်ရာ”

“အင်း  ခင်ဗျားက မအလကြီးအကြောင်း‌ပြောလို့  ကျုပ်တော့  ငယ်ငယ်ဖတ်ရတဲ့ သရုပ်ဖော်ကာတွန်းထဲက လူ့ဗာလတယောက်အကြောင်းကို  ပြန်ပြီး သတိရမိတယ်ဗျ” 

 “သတိပြန်ရတာလေး ဆိုစမ်းပါဦးဗျာ” 

“ဒီလိုဗျ အဲဒီဇာတ်လမ်းအကျဉ်းက၊ ရှေးတုန်းကပေါ့ဗျာ မွေးလာကတည်းက ဇာတာမှာ ရွှေထီးဆောင်းရမယ်ဆိုတဲ့ လူ့ဗာလတယောက်အကြောင်းဗျ"

“ကိုကြီးအောင်ရေ စိတ်ဝင်စားလာပြီဗျို့ ဆက်ပါအုံးဗျို့”

“တကယ်တော့ အဲဒီဇာတာရှင် လူ့ဗာလဟာ  သူ့ဘဝတလျှောက်လုံးမှာ လူကောင်း မဟုတ်ခဲ့ဘူး၊ လူယုတ်မာ၊ ပြီးတော့ ပညာကလည်း မဲ့သေးတယ်။” 

“ဘယ်လိုမှ ရွှေထီး‌ဆောင်းရမယ့်  အရည်အချင်းမရှိဘူး၊ မထိုက်တန်ဘူးပေါ့ဗျာ။

တနေ့ အဲဒီ လူ့ဗာလဟာ အနီးနားဝန်းကျင်က ပေါင်းသင်းမယ့် ကျွေးမွေးမယ့်သူ မရှိတော့လို့  လမ်းဘေး လဲနေတာကို တိုင်းခန်းလှည့်လာတဲ့ ဘုရင်က မြင်သွားတယ်။”

“မြင်တော့ ဘုရင်က ဆေးကုပေးရောလားဗျ” 

“စကားဆုံးအောင်နားထောင်ပါအုံး ကိုသာဖြိုးရယ်။”

“အဲဒီမှာ ဘုရင်က စိတ်ကောင်းရှိတော့  လဲနေတဲ့ လူ့ဗာလကို သူဆောင်းထားတဲ့ ရွှေထီးမိုးပေးလိုက်လို့  သူ့ရဲ့ မှုးမတ်တွေကို အမိန့်ပေးတယ်။”

“မူးမတ်တွေလည်း ဘုရင်ခိုင်းတဲ့အတိုင်း ရွှေထီး‌ဆောင်းပေးရတာပေါ့။ အဲဒီမှာ လူ့ဗာလရဲ့  မွေးရာပါ ဇာတာပြည့်သွားတာပေါ့ဗျာ။ ရွှေထီးဆောင်းပြီး သိပ်မကြာဘူးဗျို့…။

“ထထိုင်‌ရောလားဗျ”

“စကားဆုံး အောင်နားထောင်ပါ ကိုသာဖြိုးရာ၊ ခင်ဗျားက စကားကို ဖြတ်ဖြတ်ပြီး မေးနေတော့တာပဲ။” 

“ရွှေထီး‌ဆောင်းအပြီးမှာ အဲဒီ လူ့ဗာလ ထ မထိုင်ဘူး၊ တခါတည်း ကိစ္စတုံးသွားတာဗျို့  ကိစ္စတုံးသွားတာ။ အင်း ခုလည်း မအလကြီး‌တော့ မြင်ယောင်သေးသ‌ပေါ့ဗျာ။

#မြေလတ်အသံ #သရော်စာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10