ရွှေပန်းတောရွာစစ်တပ်ဂိတ်မှာ စစ်ဆေးမှုတင်းကျပ်ပြီး ပစ္စည်းတွေသိမ်းယူနေလို့ ဒေသခံတွေ အခက်တွေ့

ရွှေပန်းတောရွာစစ်တပ်ဂိတ်မှာ စစ်ဆေးမှုတင်းကျပ်ပြီး ပစ္စည်းတွေသိမ်းယူနေလို့ ဒေသခံတွေ အခက်တွေ့

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောရွာစစ်ကောင်စီဂိတ်မှာ ဒေသခံပြည်သူတွေကို ဇွန်လလယ်စတင်ပြီး စစ်ဆေးမှုတွေတင်းကျပ်ကာ ပစ္စည်းသိမ်းယူတာတွေလုပ်နေတဲ့အတွက် အနီးဝန်းကျင်ကဒေသခံတွေ သွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ရွှေပန်းတောရွာမှာ အဓိကကုန်အရောင်းအဝယ်ပြုလုပ်နေရတဲ့ အောင်လံမြို့နယ်အရှေ့ခြမ်းက သုံးရွာဆိုင်၊ ကျောက်တန်း၊ ကန်သာယာ၊ တံခွန်တိုင်၊ ထူးပေါက် စတဲ့ ကျေးရွာတွေအပြင် နယ်မြေထိစပ်နေတဲ့ ပေါက်ခေါင်းမြို့နယ်ထဲက ကျွန်းတောကြီး၊ ခုတ်ချောင်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ အခက်ကြုံတွေ့နေရတာလို့ ပြောပါတယ်။

 “ရွာထဲကိုတော့ ဝင်ခိုင်းတယ်။ ပြန်ထွက်တဲ့အခါမှာ ရစ်တာ။ အိတ်တွေကို ဖောက်ချတယ်။ ဆေးပစ္စည်းတွေပါလာရင် အကုန်ယူထားတယ်။ ဆန်၊ ဆီ၊ ဆားဆိုရင်  PDF ကို ထောက်ပံ့တာဆိုပြီး ရစ်တယ်။ ဆန်၊ ဆီဝယ်လာတဲ့ သူတွေကိုဆိုရင် အိမ်မှာကျန်ခဲ့တဲ့မိသားစုကို ပြန်ခေါ်ခိုင်းတယ်၊ အဲတော့  ဒေသခံတွေကလည်း ဆက်ပြီးအရစ်မခံနိုင်လို့ ထားပစ်ခဲ့ကြတာတွေရှိတယ်။ ခုတော့ စားသောက်ရေးတွေ အခက်ကြုံနေရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိမှာ ရွှေပန်းတောရွာကနေ အောင်လံမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို ဆန်‌ရောင်းချခွင့် ပိတ်ထားလို့ ဒေသခံတွေဟာ ရွာပြင်ပပွဲစားတွေဆီကနေ ကျပ်ခြောက်သောင်းတန် အဝါပေါက် ဆန်တအိတ်ကို ကျပ်တသိန်းနှစ်သောင်းနဲ့ ဝယ်စားနေရတယ်လို့  သူကဆက်ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးဓါတ်ဆားအပါအဝင် ဆေးအချို့ဝယ်ယူရခက်တာကြောင့် ဝမ်းရောဂါ ဖြစ်ပွားမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ရွာထဲကို ယောက်ျားလေးဝင်မယ်ဆိုရင် မှတ်ပုံတင်၊ ထောက်ခံစာပြပြီး ဝင်ခိုင်းတာတွေ ရှိသလို ဖုန်းကို VPN စစ်တာ၊ ဆိုင်ကယ်တွေ အကြောင်းမျိုးစုံပြကာ ငွေကျပ်နှစ်သောင်းခွဲခန့်အထိ တောင်းတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ရွှေပန်းတောရွာဟာ ကျေးရွာအုပ်စုရွာကြီးတရွာဖြစ်ကာ ကုန်စည်ရောင်းဝယ်ရေးမှာ မြို့နယ်အတွင်း အရေးပါတဲ့ကျေးရွာတရွာဖြစ်သလို အဲ့ဒီကျေးရွာကနေမှ အောင်လံမြို့ပေါ်ကိုထွက်လို့ရနိုင်တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မေ ၁၃ ရက်ကလည်း အောင်လံမြို့နယ်အရှေ့ဘက် ပဲခူးရိုးမနဲ့ တောင်ခြေရွာတွေက ကုန်စည်တွေကိုသယ်ယူနေတဲ့ ဖောကားအပါအဝင် ကုန်တင်ကား ၁၀ စီးထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးပြီး ရွာအဝင်အထွက်မှာ ဂိတ်ချပြီး ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ ကုန်တင်ကားတွေကို ဇူလိုင် ၆ ရက်မှာ ပြန်လွှတ်လိုက်ပြီး စစ်ဆေးမှုတွေကတော့ ယခင်ကထပ် ပိုပြီးတင်းကျပ်လာနေတာလို့လည်း သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #ရွှေပန်းတော #စစ်တပ်ဂိတ် #စစ်ဆေးတင်းကျပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10