ရွှေဘိုက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

ရွှေဘိုက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ၃ ဦးသေကာ ၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်သိဒ္ဓိက ပြောပါတယ်။ 

ရွှေဘိုမြို့ကနေ ရွှေဘို-မန္တလေးလမ်းအတိုင်း နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက စစ်ကြောင်းအင်အား ၁၀၀ လောက်နဲ့ ဝက်လက်မြို့နယ်ဘက် ထွက်လာတာကို ဘုန်းဘွဲ့ကျေးရွာအနီးကနေ မိုင်း ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

သေဆုံးတဲ့ စစ်သားတွေကို ရွှေဘိုမြို့ ဥသျှစ်ကန်သုဿန်မှာ နေ့ချင်းသင်္ဂြိုဟ်ပြီး ဒဏ်ရာရ စစ်သားတွေကိုတော့ လေ့ကျင့်ရေး ၈ အနီးမှာ ဆေးကုပေးနေတာကို ကင်းထောက်တွေကတဆင့် သိရတယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရပြီး စစ်ကြောင်းဟာ ဆက်လက်ထွက်ခွာကာ ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာမှာ ညအိပ်ပြီး နိုဝင်ဘာ ၂၃ ရက်က လှတောရွာဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။  

အဲ့ဒီတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်မြို့နယ်)က ဦးဆောင်ကာ  မဟာမိတ်တွေဖြစ်တဲ့ စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့နဲ့ ရွှေတြိဂံ-ရွှေမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကလည်း ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ ကနေ ဝက်လက်မြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဘုန်းဘွဲ့ရွာတောင်ဘက်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့  စစ်ကားတစီးမြောင်းထဲကျကာ တစီးပျက်စီးပြီး သေဆုံးသူ၊ ဒဏ်ရာရသူတွေ ကို သယ်ဆောင်ကာ ရွှေဘိုမြို့သို့ ပြန်လှည့်သွားခဲ့ရပါတယ်။ 

ပုံစာ - စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်မှုမြင်ကွင်း(ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #စစ်အခြေခံလေ့ကျင့်ရေးတပ် #စစ်ကောင်စီ #စစ်ကြောင်း #မိုင်းဆွဲ #စိုင်နိုင်တိုက်နယ် #သိဒ္ဓိရှင် #ဗိုလ်သိဒ္ဓိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10