ရွှေဘိုက ပျူစောထီးစခန်းကိုသိမ်းပြီး အမျိုးသားအမျိုးသမီး ၆၀ ကိုကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးစခန်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းသိမ်းပိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။ 

ရွှေဘိုမြို့နယ်က စစ်အုပ်စုအင်အား ၂၅ ဦးရှိတဲ့ မြင်းချင်းရွာပျူစောထီးစခန်းကို ဒီဇင်ဘာ ၂၄ ရက် မနေ့ မနက် ၃ နာရီကျော်လောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စတင်တိုက်ခိုက်ပြီး  မနက် ၅ နာရီကျော်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး ရဲ ၁ ဦးနဲ့ ပျူစောထီး ၁ ဦးကို သေဆုံးလျှက်တွေ့ရှိခဲ့ပြီး ကိုးလုံးကျည် လက်လုပ် ၅ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ဆိုင်ကယ်တို့ကို သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း မြင်းချင်းရွာကနေ ကယ်ထုတ်ခဲ့တဲ့ အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၃၁ ဦးကိုတော့ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး စိစစ်နေတယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။ 

တိုက်ခိုက်ခံရတဲ့ ပျူစောထီးစခန်းဟာ စစ်ကောင်စီစစ်ကြောင်းတွေမှာ လိုက်ပါပြီး ၂၀၂၃ ခုနှစ်ပိုင်းမှာ မြင်းချင်းရွာတဝိုက်က ရွာတွေကို တရွာဝင်တရွာထွက် မီးရှို့နေတဲ့ စစ်အုပ်စုလည်း ဖြစ်တယ်လို ဆိုပါတယ်။ လက်ရှိမှာ ကာကွယ်ရေးအဖွဲ့တွေက မြင်းချင်းရွာက ရွာသားအားလုံးကို ခေါ်ထုတ်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်၊

မြင်းချင်းရွာပျူစောထီးစခန်း သိမ်းပိုက်မှုမှာ ရွှေဘိုခရိုင် အမှတ် ၁၅ Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၂ Fight For Freedom ၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ Eagle သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် အမှတ် ၁၇၊ ရွှေဘိုခရိုင် အမှတ်၁၈၊ ရွှေဘိုခရိုင်အမှတ် ၂၆ နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  ပူးပေါင်းခဲ့တာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ နဲ့  မဟာမိတ်တွေဟာ အရာတော်မြို့နယ် နောင်ကြီးအိုင်ကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကိုလည်း  တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #ပျူစောထီးစခန်း #သိမ်းပိုက်ခံရ #စစ်ကောင်စီ #တော်လှန်ရေးအင်အားစု #ပကဖ #PDF #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10