ရွှေဘိုကို ပြန်လာတဲ့စစ်အုပ်စု လမ်းတလျှောက်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

ရွှေဘိုကို ပြန်လာတဲ့စစ်အုပ်စု လမ်းတလျှောက်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကနေ ရွှေဘိုမြို့ကို ပြန်တဲ့စစ်အုပ်စုကို ဒေသခံ PDF မဟာမိတ်တပ်ဖွဲ့တွေက ဇူလိုင် ၂၁ ရက် မနေ့ကတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲ့ တပ်ထောက် ဗိုလ်စာကလေးက ပြောပါတယ်။

ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ရွာကနေ ရွှေဘို-မန္တလေးလမ်းအတိုင်း မနက် ၇ နာရီလောက်မှာ ရွှေဘိုမြို့ဘက်ကိုထွက်လာတာမှာ လမ်းတလျှောက်ကနေ မိုင်းတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

"စိုင်နိုင်ကြီး၊ စိုင်နိုင်လေးရွာနားမှာ ပွို့င်ဆွဲလို့ ထိတွေ့စဖြစ်တာ။ အဲဒီမှာ သူတို့က ရှေ့ဆက်တိုးလာတော့ ဘုန်းဘွဲ့ရွာကို ရောက်လာတာမှာ ကျနော်တို့က လက်နက်ကြီးငယ်နဲ့ဆက်တိုက်လိုက်ပစ်တာ တဂဏန်းရွာ ရောက်တဲ့အထိပဲ။ သေဆုံးထိခိုက်သူတွေခဲ့တယ်" လို့ ဗိုလ်စာကလေးက ပြောပါတယ်။

တဂဏန်းရွာအဝင်မှာလည်း ဒဏ်ရာရစစ်သားနဲ့ သေဆုံးစစ်သားတွေကို ကားပေါ်တင်တဲ့အချိန်မှာလည်း လက်နက်ကြီးကျည်တလုံးဟာ ကားအနီးကျရောက်ပေါက်ကွဲခဲ့လို့ စစ်အုပ်စုဘက်က ထပ်မံသေဆုံးထိခိုက်မှုတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်အုပ်စုမှာ အင်အား ၁၀၀ လောက်ပါဝင်ပြီး အင်အား၄၀ လောက်က ရှေ့ပွိုင့်ခြေလျင်လျောက်ကာ ကျန်စစ်အုပ်စုဝင် ၆၀ လောက်က ကား ၃ စီးနဲ့နောက်ကနေလိုက်ပါလာတာမှာ ရှေ့ပွိုင့်ကို အဓိကထား တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က အရာရှိ ၃ ဦး အပါတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရတာကို ကင်းထောက်တွေဆီက ပြန်ကြားရတယ်လို့ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုချက် မရသေးပါဘူး။

စစ်အုပ်စုဟာ ဒဏ်ရာရစစ်သားတွေနဲ့အတူ နေ့လယ် ၁၂ နာရီလောက်မှာ ရွှေဘိုမြို့ထဲကိုဝင်ရောက်သွားပြီး ညနေပိုင်းမှာ သေဆုံးစစ်အုပ်စုဝင်တွေကို ဘုတ်ကုန်းရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၂ (Fight For Freedom PDF)နဲ့အတူ တောကျီးကန်း(ပကဖ)၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင် ၆ ရက် မနက်ကလည်း ရွှေဘိုမြို့နယ်ကနေ စစ်ကြောင်းထိုးဝင်လာတဲ့စစ်အုပ်စုဟာ ဝက်လက်မြို့နယ်၊ သမရိုးရွာက စျေးသည်အမျိုးသမီး ၇ ဦးကို အကြောင်းမဲ့ပစ်သတ်သွားခဲ့ပြီး အရာတော်၊ မြင်းမူ စတဲ့မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ကာ လူနေအိမ်တွေမီးရှို့တာ၊ ဒေသခံတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့ #ရွှေဘိုမြို့ #စစ်ကောင်စီ #တိုက်ခိုက်ခံရ #လက်နက်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10