ရွှေဘိုခရိုင် တပ်ရင်း ၈ ဆေးတပ်ဖွဲ့က ၁ လအတွင်း စစ်ရှောင်နဲ့ပြည်သူလူနာ ၄၀၀ ကျော်ကိုဆေးကုသပေးခဲ့

ရွှေဘိုခရိုင် တပ်ရင်း ၈ ဆေးတပ်ဖွဲ့က ၁ လအတွင်း စစ်ရှောင်နဲ့ပြည်သူလူနာ ၄၀၀ ကျော်ကိုဆေးကုသပေးခဲ့

စစ်ကိုင်းတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းဆေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့စက်တင်ဘာ တလတာအတွင်း စစ်ရှောင်နဲ့ဒေသခံ လူနာ ၄၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ တပ်ရင်းပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲဆီက သိရပါတယ်။

ရွှေဘိုနယ်အတွင်းက စစ်ရှောင်စခန်းနဲ့ ကျေးရွာနေပြည်သူတွေ ကျန်းမာရေးစရိတ် သက်သာစေဖို့ အခမဲ့ဆေးကုသမှုပေးနေတာလို့ ဆိုပါတယ်။

" လမ်းတွေမကောင်းတော့ ပြည်သူတွေလာဖို့ ခက်တယ်။ ဆေးဝါးပိုင်းမှာ လိုအပ်တာတွေ ရှိနေပါတယ် " လို့ ပြည်သူ့ဆက်ဆံရေးနဲ့ ကျန်းမာရေးဆေးတာဝန်ခံ ရှင်းသန့် က မြေလတ်အသံကိုပြောပါတယ်။

တလတာဆေးကုသပေးမှုအတွင်း ငှက်ဖျားရောဂါ ၁ ဦး၊ မွေးလူနာ ၂ ဦး၊ အသေးစားခွဲစိတ်လူနာ ၁၀ ဦးနဲ့ အထွေထွေရောဂါ ၄၂၃ ဦး စုစုပေါင်းလူနာ ၄၃၆ ဦးကိုဆေးကုသပေးနိုင်ခဲ့ပြီး အထွေထွေကုသမှုတွေမှာ သွေးလွန်တုတ်ကွေး၊ ဝမ်းပျက်/ဝမ်းလျှော၊ နှာစေးချောင်းဆိုး၊ ရေကျောက်ရောဂါတွေနဲ့   အသက်ကြီးပိုင်းတွေမှာ သွေးတိုး၊ ဆီးချိုရောဂါတွေ အဖြစ်များကြတယ်လို့ ပြောပါတယ်။

အသုံးပြုနေတဲ့ ဆေးဝါးပစ္စည်းတွေမှာ ပြည်သူတွေကလှူဒါန်းကြသလို တပ်ရင်းကထောက်ပံ့တဲ့ ဆေးဝါးတွေနဲ့ ဆေးကုသနေရပြီး သူနာပြုဆရာမ၊ ဝမ်းဆွဲဆရာမ၊ စေတနာ့ဝန်ထမ်းတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးနဲ့ တလမှာ ၅ ကြိမ် ကျေးရွာတွေအထိ လှည့်လည်ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

အမှတ် ၈ တပ်ရင်းမှာ ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးဆေးပေးခန်းကို အခုနှစ် မေလ ၂၀ ရက်ကစတင်ဖွင့်ခဲ့ပြီး တတ်နိုင်သမျှဆေးဝါးနဲ့ စစ်ရှောင်ပြည်သူတွေဆီကို သွားရောက်ကုသပေးနေတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #အမှတ်၈တပ်ရင်း #PDF #ကျန်းမာရေးစောင့်ရှောက်မှု #အခမဲ့ #စစ်ရှောင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10