ရွှေဘိုနယ်က တောင်တွေပေါ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပျူ ၁ ဦးသေဆုံး

ရွှေဘိုနယ်က တောင်တွေပေါ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပျူ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်း‌ရှိ ကုလားမရွာနဲ့ လက်ကောက်ကျကျေးရွာ အနောက်ဘက် ဘိုးနတ်တောင်‌နဲ့ တောင်လှတောင်အပေါ်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီနဲ့ပျု‌စောထီး ပူးပေါင်းတပ်ဖွဲ့‌ကို PDF တွေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ပျု ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ရွှေဘိုကျောက်မြောင်းနယ်ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တောင်ခြေအနီးမှာရှိတဲ့ ပျူ ရွာတွေက  ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေဟာ အဲ့ဒီတောင်တွေပေါ်ကို အင်အား ၃၀ နီးပါးနဲ့ စစ်ကြောင်းထိုး ရောက်ရှိနေတာဖြစ်ပြီး အဲ့ဒီစစ်အုပ်စုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က လက်လုပ် ၆၀ မမ လက်နက်ကြီး ၇ လုံးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၁ နာရီနီးပါးအကြာ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ဘိုးနတ်တောင်နဲ့ တောင်လှ ဆိုတာ ကျေးရွာ အထင်ကရ တောင်တွေပါ။ စခတွေက အခင်းဖြစ်တဲ့ တောင်ပေါ်ကို အဲဒီနေ့ကပဲ တိုးလာတာပါ။ လက်နက်ကြီးတွေ စက်လက်တွေနဲ့ တရစပ် ပစ်ခတ်ကြတယ်။ အဲ့ဒီမှာပဲ ကျနော်တို့ဘက်ကနေ စနိုက်ဘာနဲ့ ပစ်ခတ်လိုက်တာ ရန်သူ ထိမှန်သွားတယ်။ အဲ့ဒီမှာ စကုပ်ကနေ မြင်တွေ့ ရတာ၊ ထိမှန်သေဆုံးသွားတာကို မြင်လိုက်ရတာမျိုးမို့ အတည်ပြုနိုင်ခဲ့တာပါ" လို့ ဝက်လက်ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်လွန်းညီက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက  လက်နက်ကြီးတွေနဲ့  ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက် လှုပ်ရှားစစ်ဒေသ)တပ်ဖွဲ့နဲ့ Brave Brothers မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ အဲ့ဒီတောင်တွေပေါ်မှာ အထိုင်ချတပ်စွဲထားပြီး တောင်တွေပေါ် နဲ့ အနီးတ၀ိုက်ရွာတွေကို  စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်လာနိုင်လို့ ဒေသခံတွေ ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားကြဖို့လည်း PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်လွန်းညီက ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10