ရွှေဘိုနဲ့ အရာတော်မှာ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

ရွှေဘိုနဲ့ အရာတော်မှာ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ 

အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာက စစ်သားနဲ့ပျူစောထီးတွေကို ဒီဇင်ဘာ ၅ ရက် မနေ့ကမနက် ၄ နာရီလောက်မှာ Ngwe Dwin Revolution Force - NDRF အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ 

"ကျနော်တို့ အတည်ပြုပြောနိုင်တာက ပျူ ၁ ကောင်နဲ့ စကစ ၄ ကောင် ဒဏ်ရာရတယ်။ ပျူက ခြေထောက်တဖက် ဖြတ်လိုက်ရတယ်။ သူ့(ပျူစောထီး)နာမည်က ကျော်မိုး။"လို့ Ngwe Dwin Revolution Force - NDRF ခေါင်းဆောင်ကိုစစ်နိုင်က ပြောပါတယ်။

ပျူစောထီအင်အား ၁၀၀ ကျော်၊ စစ်ကောင်စီတပ်သား ၅၀ ကျော်ရှိတဲ့ ငွေတွင်းကျေးရွာကို ကာကွယ်ရေးတပ်တွေက မောင်းသူမဲ့လေယာဥ် ၅ စီးနဲ့ ဗုံးသီး ၉ လုံးချ တိုက်ခိုက်ခဲ့တာပါ။  

ဒါ့အပြင် တိုက်ခိုက်ချိန်အတွင်း စစ်အုပ်စုဘက်က PDF တွေရောက်ရှိနေတဲ့နေရာကို ခြေလျင် စစ်ကြောင်းထိုးလာရာ ၎င်းတို့လာတဲ့လမ်းမှာလည်း မိုင်းခွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုလည်း မိနစ် ၃၀ ခန့်လောက် ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရရှိသွားတဲ့ ပျူစောထီး ကျော်မိုးအပါအဝင် ၅ ဦးကို အရာတော်မြို့အရှေ့တပ် အမှတ် ၁၀ စခန်းမှာ ဆေးကုသမှုခံယူဖို့ ဒီဇင်ဘာ ၆ ရက်ဒီကနေ့မနက်မှာ ငွေတွင်းရွာကနေ ခေါ်သွားကြတယ်လို့ ကိုစစ်နိုင်က ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို NGWE DWIN REVOLUTION FORCE (NDRF)၊ PEOPLE DEFENCE MYINMU (MM U)၊ စစ်ကိုင်းခရိုင်အမှတ်၇တပ် ရင်း (MMU)၊ စစ်ကိုင်းခရိုင်အမှတ် ၆ တပ်ခွဲ ၁ (MMU)၊ စစ်ကိုင်းခရိုင်အမှတ်၄ တပ်ရင်း (MS)၊ မြင်းခြံအမှတ်၃ (မြေလတ်) PDFတို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာပါ။ 

ဒီတိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့တဲ့ မောင်းသူမဲ့လေယာဥ် ၅ စီးထဲက ၂စီးမှာ အပြန်အလှန် တိုက်ပွဲဖြစ်ကာ ပြန်ယူချိန်မရခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၁ ရက်မှာလည်း Ngwe Dwin Revolution Force က အရာတော်မြို့နယ်ရှိ သလဲဘာကျေးရွာကို မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးသီး ၁၃ လုံးချတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါ တယ်။

အလားတူ ရွှေဘိုမြို့နယ်က ရွှေဘိုမြို့တောင်ဘက်မုခ်ဂိတ်၊ သီးလုံးရွာနဲ့ ပန်းရံရွာက စစ်အုပ်စုစခန်းတွေကိုလည်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တွေက ဒီဇင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

သီးလုံးရွာကို ဒီဇင်ဘာ ၁ ရက်ကနေ  ၃ ရက်အထိ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး၊ ဒီဇင်ဘာလ ၄ ရက် နေ့လယ်မှာ ရွှေဘိုမြို့တောင်ဘက်မုခ်က စစ်အုပ်စုဝင် ၂၀ ဦးလောက်စောင့်နေတဲ့ဂိတ်ကို ဗုံးသီး ၂ လုံး ကြဲချခဲ့ပြီး အဲ့ဒီ ည ၇ နာရီဝန်းကျင်လောက်မှာပဲ ပန်းရံရွာက စစ်အုပ်စခန်းကို ဗုံးသီး ၂ လုံးချ တိုက်ခိုက်တာလို့ ဆိုပါတယ်။  

“သီးလုံးရွာ တိုက်ခိုက်မှုမှာတော့ ပျူထီးတယောက်နဲ့ ပျူမ တယောက်ဒဏ်ရာရတယ်။ ပန်းရံရွာမှာတော့ ထိခိုက်မှုတွေပိုများတယ်ဆိုတာ ကင်းထောက်တွေဆီက ပြန်ကြားရတယ်“လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးပြန်ကြားရေးနဲ့ ဘဏ္ဍာရေးတာဝန်ခံ ဗိုလ်ကျားရိုင်းကပြောပါတယ်။  

တိုက်ခိုက်မှု ၄ ရက်အတွင်း စစ်အုပ်စုဘက်က သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၇ ဦးရှိခဲ့ကာ ဒဏ်ရာရသူတွေကိုတော့ ရွှေဘိုဆေးရုံကို ပို့ထားတယ်လို့ သူကဆက်ပြောပါတယ်။  

အဲ့ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Wild Tiger LPDF  ဦးဆောင်ကာ  ရွှေဘိုတိုက်နယ်-၂ မဟာမိတ်တပ်ပေါင်းစု၊ Bo Ba Taw Shwebo-LPDF၊ တိမ်လွှာအဖွဲ့၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး - ရွှေဘို LPDF၊ Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မနက်ကလည်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာ၊ ညောင်ကိုင်းရွာနဲ့ ဇီးဖြူကုန်းရွာတွေက စစ်အုပ်စုတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

ပုံစာ - ရှေ့တန်းရောက် NDRFနှင့်မဟာမိတ်အဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #ရွှေဘို #စစ်အုပ်စု #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10