ရွှေဘို ပလိုင်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပလိုင်းပကဖ - လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပလိုင်းရွာထိပ်ရှိ စာသင်ကျောင်းမှာ ၃ နှစ်ကျော်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတို့ဟာ ရိက္ခာရှာဖို့အတွက် ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီလောက်မှာ အင်အား ၆၀ ဝန်းကျင်နဲ့ထွက်လာချိန် စာသင်ကျောင်းနဲ့ မီတာ ၂၅၀ အကွာလောက်မှာ ကင်းပုန်းဝပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးခဲ့ကာ ပလိုင်းရွာစာသင်ကျောင်းထဲကို ပြန်ဝင်သွားတယ်လို့ ပလိုင်းပကဖ - လျှပ်စီးမုန်တိုင်းပြောက်ကျား တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ရိက္ခာကားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက် ပိတ်ဆို့ထားတာကြောင့် ရိက္ခာပြတ်နေတာ ၉ လခန့်ရှိပြီလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပလိုင်းပကဖ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ ၊ ရန်ကြီးအောင် ပကဖ ၊ သခင်ကြီး ပကဖနဲ့ 9 PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၆ ရက်ကလည်း ပလိုင်းရွာက စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။

ပလိုင်းရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၁ ခုနှစ် ၇ လပိုင်းလောက်ကတည်းကအထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။ 

အခုလိုအထိုင်ချတပ်စွဲထားတဲ့အတွက် ပလိုင်းရွာအပါအဝင် ရွာနားနီးစပ်ဖြစ်တဲ့ ကံသာရွာ ၊ ဂုဏ်တန်ရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ပလိုင်းရွာ #စစ်တပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10