ရွှေဘိုမြို့ကို တပ်ဆုတ်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၃ ဦးသေဆုံး (ရုပ်/သံ)

ရွှေဘိုမြို့ကို တပ်ပြန်ဆုတ်လာတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက်က (အောင်ချမ်းသာ) ရွာသစ်နဲ့ ဇီးတောရွာတွေမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၂ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ထွက်လာတဲ့ အင်အား ၈၀ ကျော်ပါစစ်ကြောင်းကို ရွှေဘိုမြို့နယ် ရွာသစ်ကျေးရွာထိပ်အရောက်မှာ အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ စိုင်နိုင်တိုက်နယ် ပကဖက ပြောပါတယ်။

ရွာသစ်ကျေးရွာမှာ တိုက်ခိုက်ခံရပြီး အဲ့ဒီစစ်ကြောင်းဟာ တမိုင်ကျော်ဝေးတဲ့ ဇီးတောရွာကို အရောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF - ARMY ဆီက သိရပါတယ်။

အင်အား ၈၀ ကျော်ပါ စစ်ကြောင်းဟာ ရွာသစ်ရွာမှာတိုက်ခံရပြီး ဇီးတောရွာအရောက်မှာ ၇၅ ဦးကျော်သာကျန်ရှိပြီး ဒရုန်းနဲ့ထပ်တိုက်ခိုက်ခံရတဲ့အတွက် စစ်ဗိုလ် ၁ ဦးသေဆုံးပြီး ၃ ဦး ထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှု ၂ ခုစလုံးကို နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီခွဲလောက်ကနေ မွန်းတည့် ၁၂ နာရီကြားမှာ တိုက်ခိုက်ခဲ့ကြတာပါ။

အဲ့ဒီစစ်ကြောင်းဟာ မိုင်းဆွဲခံရမှာကြောက်လို့ လမ်းမကြီးပေါ်ကမသွားဘဲ ရွာတွေကနေဖြတ်သွားချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ 

သူတို့ဟာ ဝက်လက်မြို့နယ် ရွှေပန်းကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူပေးဖို့ နိုဝင်ဘာ ၂၂ ရက်ကတည်း ရွှေဘိုမြို့ကနေ ထွက်လာခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ ထမ်းကာ ရွှေဘိုမြို့ထဲ ပြန်ဝင်သွားခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ပေါ်တာဆွဲခံရပြီး အဲ့ဒီစစ်ကြောင်းနဲ့ အတူပါလာတဲ့ ဒေသခံ ၃ ဦးလည်း အဲ့ဒီရက် ညပိုင်းမှာ လွတ်မြောက်လာခဲ့လို့ Black Wolf Army ကစစ်ဆေးမေးမြန်းကာ သက်ဆိုင်ရာရွာတွေဆီ ပြန်သွားပြီလို့ ဆိုပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #ရွှေဘို #စစ်ကြောင်း #တိုက်ခိုက်ခံရ #စစ်ဗိုလ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10