ရွှေဘိုမြို့နယ်က စစ်ရှောင် ၁၀,၀၀၀ ကျော် ရွာထဲပြန်မဝင်နိုင်သေး

ရွှေဘိုမြို့နယ်က စစ်ရှောင် ၁၀,၀၀၀ ကျော် ရွာထဲပြန်မဝင်နိုင်သေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နယ်က စစ်ရှောင် ၁၀,၀၀၀ ကျော်ဟာ ဩဂုတ် ၂ ရက် ဒီနေ့တိုင် ကျေးရွာထဲကို ပြန်မဝင်နိုင်သေးဘူးလို့ တောင်သူဦးကြီးများအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို ဇူလိုင် ၂၉ ရက်က စစ်သားအင်အား ၄၀ လောက်နဲ့ ဝင်ရောက်တပ်စွဲလို့ အနီးပတ်ဝန်းကျင်ရှိ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာ၊ နံ့သာကုန်းရွာတွေက ဒေသခံပြည်သူတွေပါ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

‘’စစ်တပ်က ဆိပ်ခွန်ရွာကနေ ပြန်မထွက်သေးတော့ ရွာ ၄ ရွာစလုံးက ပြန်မဝင်ရသေးဘူး။ တချို့က နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံကြပြီး တချို့က ဒီပဲယင်းနယ်ဘက်ကို သွားရှောင်ကြတယ်’’လို့ တောင်သူဦးကြီးများအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အဲဒီနေ့က စစ်ကောင်စီတပ်ဟာ မြင်းချင်းပျူစောထီးရွာကနေ ကျောက်မြင့်ရွာ၊ တင့်တယ်ရွာ၊ နံ့သာကုန်းရွာတွေကတဆင့် ဆိပ်ခွန်ရွာထဲကို ဝင်ရောက်လာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ရပ်ကွက် ၂၀ ကျော်နဲ့ လူဦးရေ ၄ ထောင်ကျော်ရှိတဲ့ ဆိပ်ခွန်ကျေးရွာမှာ ၂၀၂၂ ဖေဖော်ဝါရီလကတည်းက ကျေးရွာအတွင်း တပ်စွဲလိုက် ပြန်ထွက်သွားလိုက်လုပ်နေပြီး ကျေးရွာအတွင်းရှိနေအိမ်အချို့နဲ့ ယက်ကန်းစင်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာပါ။ 

ဒါ့အပြင် အခုနှစ် မတ်လအတွင်းမှာလည်း ဆိပ်ခွန်ရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်တဲ့ အတွက် ဒေသခံ ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။

လက်ရှိမှာ စစ်ရှောင်ထဲက ၃ ပုံ ၁ ပုံလောက်ကို တောင်သူကြီးများအဖွဲ့က လက်ခံကျွေးထားတာဖြစ်ပြီး တနေ့ကိုဆန် ၁၀ တင်းလောက် ကုန်ကျနေတာမို့ တပ်ဖွဲ့အတွက် အခက်အခဲတွေ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စစ်ရှောင်နေရသူတွေရှိပြီး အဲ့ဒီအထဲက လူဦးရေ ၄,၀၀၀ ခန့်ဟာ ဒီပဲယင်းမြို့နယ်က နေရာမျိုးစုံမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

ပုံစာ - ဇူလိုင် ၂၉ ရက်က စစ်ရှောင်နေသည့် ဆိပ်ခွန်နယ်ဒေသခံများနှင့် ကျွေးမွေးမှုပုံရိပ်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ဆိပ်ခွန်နယ် #စစ်ရှောင် #တောင်သူဦးကြီးများအဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10