ရွှေဘိုမြို့နယ် စစ်ရှောင်စခန်းက စားသောက်ရေးအတွက် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ တိုက်နယ် ၁ နယ်မြေထဲက မီးဘေးသင့်စစ်ရှောင်စခန်းတခုမှာ စားသောက်‌ နေထိုင်ရေးအတွက် အခက်အခဲ ကြုံနေရတယ်လို့  မီးဘေးသင့် စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

မီးဘေးသင့် စစ်ရှောင်တွေရဲ့ ရွာကို ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ ၁၁ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့ခဲ့ရာမှာ အိမ်ခြေ ၃၀၀ ကျော်မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး လူနေအိမ် ၂၀ ကျော်သာ မီးမလောင်ဘဲ ကျန်ခဲ့တာလို့ ဆိုပါတယ်။

မီးရှို့ခံရပြီးနောက်ပိုင်း ငွေကြေးတတ်နိုင်သူတချို့ က မန္တလေးနဲ့ ရွှေဘိုမြို့တွေကို ပြောင်းရွှေ့နေကြပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့  စစ်ရှောင်စခန်းမှာပဲ နေထိုင်ခဲ့ရပြီး လက်ရှိအချိန်အထိ တနှစ်ကျော်ကြာပြီလို့ ဆိုပါတယ်။

အဲဒီစစ်ရှောင်တွေဟာ အိမ်ထောင်စု ၁၅၀ ခန့်ရှိပြီး လူဦးရေ ၃၇၀ ဝန်းကျင်ရှိကာ  အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတဲ့အပြင် အလှူရှင်လည်း နည်းပါးတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲဒီ စစ်ရှောင်စခန်းဟာ ပျူစောထီးအားကောင်းတဲ့ ရွာနှစ်ရွာနဲ့ တမိုင်လောက်အကွာမှာသာရှိပြီး လက်နက်ကြီးနဲ့  ပစ်ခတ်ခံရတာတွေလည်းရှိလို့  မူလလက်ငုတ်လယ်တွေကိုလည်း စိုက်ပျိုးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းကို ပြည်သူအချို့က ကူညီပေးထားတဲ့ မြေမှာ တဲတွေထိုးကာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေရတာဖြစ်လို့ မီးဖို‌ဆောင်သုံး သီးနှံတချို့ စိုက်ပျိုးလို့ရပေမယ့် ဟင်းစားအတွက် ကြက်၊ ဝက်၊ ဘဲတွေကိုတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်လာရင် ထားခဲ့ရမှာမို့ မွေးမြူလို့ မရဘူးလို့  သိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #မီးဘေးသင့် #စစ်ရှောင်စခန်း #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10