ရွှေဘို မြို့လှရွာကို စစ်တပ်က ၂ ကြိမ်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၆၀ ကျော်မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းအုပ်စု၊ မြို့လှကျေးရွာကို နယ်မြေခံပျူတွေနဲ့ စစ်ကောင်စီချေမှုန်းရေးတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မီးရှို့ခဲ့လို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံရွာသားများထံက သိရပါတယ်။

စစ်သားနဲ့ပျူအင်အား ၇၀ ကျော်နဲ့ ဖေဖော်ဝါရီ ၂ ရက်ညပိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၃၈ အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၂၈ အိမ်နဲ့ စုစုပေါင်း ၂၆၆ အိမ် မီးလောင်ဆုံရှုံးပြီး အိမ် ၃၅ လုံးသာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ဒေသခံရွာသူရွာသားတွေက ဘေးလွတ်ရာ တောတန်းစု နေရာတွေမှာ ယာယီတဲထိုးနေထိုင်ကြသလို သစ်ပင်ရိပ်အောက်မှာ နေထိုင်နေကြတယ်လို့ ဒေသခံရွာသားတဦးက ဆက်ပြောပါတယ်။

မြို့လှကျေးရွာ နေအိမ်တွေကို မီးမရှို့ခင်မှာ ပြည်သူ့နေအိမ်တွေအထဲက ရွှေ၊ ငွေများအပြင် မီးစက်၊ ဆိုလာပြား၊ ဘက်ထရီအိုး၊ တီဗွီ၊ ရေခဲသေတ္တာ၊ ဆိုင်ကယ် ၊ ဆန်၊ ဆီတွေကို စစ်သားနဲ့ပျူတွေက ခိုးယူသွားပြီး ကျန်တဲ့ပစ္စည်းတွေကို မီးရှို့ခဲ့တာလို့ မင်းခေါင်ရပ်ကျေး ပကဖအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ 

လက်ရှိမှာတော့ မီးရှို့ခံရတဲ့ကျေးရွာက လူဦးရေ ၁၁၀၀ ကျော် ကျေးရွာအတွင်း နေထိုင်နိုင်ခြင်းမရှိဘဲ စစ်ရှောင်နေကြရပြီး အဲ့ဒီထဲကမှ လူဦးရေ ၈၉၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီးစားဝတ်နေရေးအတွက် အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10