ရွှေဘိုမှာ စစ်တပ်ကရွာကို လက်နက်ကြီးနဲ့ပစ် ဝင်စီးပြီး မီးရှို့လို့  ၄ ဦး သေဆုံး၊ အရပ်သား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

ရွှေဘိုမှာ စစ်တပ်ကရွာကို လက်နက်ကြီးနဲ့ပစ် ဝင်စီးပြီး မီးရှို့လို့ ၄ ဦး သေဆုံး၊ အရပ်သား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာမှာ စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်တာ၊ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာနဲ့ ရွာကိုမီးတင်ရှို့လို့ မီးထဲပါသွားတာတွေကြောင့် အမျိုးသမီးတွေအပါ အရပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ရှားတောရွာကို မတ်လ ၆ ရက် မနေ့မနက်အစော ၃ နာရီလောက်မှာ လက်နက်ကြီးပစ်ခတ်ကာ စတင်ဝင်ရောက်လာစဉ် ရွာကနေထွက်ပြေးတိမ်းရှောင်ဖို့ လုပ်ဆောင်နေတဲ့ ရွာခံအမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ် လို့ ဆိုပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ  ဦးစိုးမောင် ၅၃ နှစ် ၊ကိုဖြိုးကြီး  ၃၇ နှစ်၊ ဦးကြည် ၅၃ နှစ်၊ ကိုထိုက်လွမ်း ၂၀ နှစ် နဲ့ ဦးနေစိုး၊ မပဲ တို့ ၆ ဦး ဖြစ်ပြီး ၄င်းတို့ ၆ ဦးကို စစ်ကောင် စီတပ်စွဲထားတဲ့ ရွှေဘိုမြို့တောင်ဘက် လယ်ယာပစ္စည်းရောင်းဝယ်ရေးရုံးကို ဖမ်းခေါ်သွားပြီးနောက် ၄ ဦးကို ညနေ ၅ နာရီခန့်မှာ သတ်ဖြတ်လိုက်တာလို့ သိရပါတယ်။

 

ဖမ်းသွားပြီးတော့ ကာကွယ်ရေးစခန်းတခုကိုလိုက်ပြဖို့ခိုင်းတယ်။ ဦးနေစိုးနဲ့ မပဲကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ ကျန်တဲ့ ၄ ယောက် သူတို့တပ်စွဲတဲ့ဆီမှာသတ်လိုက်တာ။ အခုချိန်ထိ ၄ ယောက် ရဲ့ အလောင်းလည်း ပြန်မရဘူး၊ သူတို့ (စစ်ကောင်စီ)ကတခါတည်းမီးရှို့လိုက်တယ် ”လို့ ရှားတောရွာခံတဦးက မြေလတ်အသံကိုပြောပါတယ်။


 

စစ်ကောင်စီတပ်က ရှားတောကျေးရွာအတွင်းစတင်ဝင်ရောက်စဉ် လက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီး ၄င်း စစ်ကြောင်းပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် ၃၄ နှစ်အရွယ် ကိုနောင်နောင်ထွန်းနဲ့  အသက် ၇၈ အရွယ် ဦးဝင်းခင် တို့ ၂ ဦးမှာ လက်နက်ကြီးဗုံးစထိမှန် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

 

အိမ်ခြေ ၅၀၀ ကျော်ရှိ ရှားတောရွာကိုလည်း စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့လို့ နေအိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်နေချိန်မှာ မပြေးနိုင်တဲ့ အသက် ၈၀ ကျော် အဘွား ဒေါ်ညွှန့်ရီနဲ့ အသက် ၉၀ ကျော် ဦးအုန်းမောင်တို့  ၂ ဦး မီးထဲပါပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတိမ်းရှောင်ဖို့လုပ်ဆောင်နေတဲ့ ရှားတောရွာသား အသက် ၄၈ အရွယ် ဦးစိုးအောင် ကို ရွာဘုန်းကြီးရဲ့ ရေကန်ထဲမှာ သတ်ဖြတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

 

သူတို့ဝင်လာတဲ့ အချိန် လက်နက်ကြီးနဲ့ပစ်တော့ နေအိမ်တလုံး အရင်မီးလောင်သွားတယ်။ နောက်မှ ကျန်တဲ့အိမ်တွေကို မီးပြန်ရှို့တာ။ အသတ်ခံလိုက်ရတဲ့ သူတွေထဲမှာ ကိုစိုးအောင်က ကျန်းမာရေးလည်း မကောင်းဘူး၊ နောက်ပြီး ဦးနှောက်လည်းသိပ်မပြည့်ဘူး။ သူ့ကိုဖမ်းခေါ်သွားပြီးတော့ ဘုန်းကြီးကျောင်းမှာ သတ်ပစ်လိုက်ပြီးတော့ ကန်ထဲမှာပစ်ချခဲ့တယ် ” လို့ ရှားတောဒေသခံတဦးက ပြောပါတယ်။

 

 

ဒီကနေ့မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတချို့က ရှားတောရွာထဲကို ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ စစ်ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်မီးရှို့တာကြောင့် သေဆုံးခဲ့သူ ရွာခံ ၅ ဦး ရဲ့ ရုပ်အလောင်းတွေကို ကောက်ယူရရှိခဲ့ကာ မနက် ၉ နာရီလောက်မှာ မိသားစုဝင်တွေနဲ့အတူ သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

 

 

စာတည်း − ဟိန်းစံ

 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #လက်နက်ကြီးပစ် #ဒေသခံ #သေဆုံး #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10