ရွှေဘိုမှာ စစ်တပ်က ရွာကိုမီးရှို့ပြီး ရွာသား ၅၀ ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီး

ရွှေဘိုမှာ စစ်တပ်က ရွာကိုမီးရှို့ပြီး ရွာသား ၅၀ ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာရှိ နေအိမ်တွေကို စစ်တပ်ကမီးရှို့ပြီး ရွာသူရွာသား ၅၀ ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁၈ ရက် ဒီနေ့မနက် ၆ နာရီလောက်မှာ ရွှေဘိုမြို့အနောက်ခြမ်းရှိ ညောင်ပင်သာရွာ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ တပ်စွဲထားတဲ့ စစ်သား ၅၀ လောက်က ကံသာကုန်းရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

“အဲဒီစကစတွေက ညောင်ပင်သာရွာမှာ အထိုင်ချထားတာ ၉ ရက်လောက်ရှိပြီ။ တပ်စွဲထားတဲ့ ကြားထဲမှာ ရွှေဘိုကနေကားနဲ့လာပြီး တပ်ဖြည့်ထားတာတွေလည်းရှိတယ်။ နေ့ခင်းပိုင်းတနေကုန် လှုပ်ရှားမှုမရှိဘူး၊ သူတို့ကလှုပ်ရှားရင် ညဉ့်နက်ပိုင်းအချိန်တို့ မနက်စောစောပိုင်းတို့ တိတ်တဆိတ် လှုပ်ရှားတယ်။ ဒီမနက်လည်း ရွာထဲကိုတိတ်တဆိတ်ဝင်လာတော့ ရွာသားတွေ ပြေးချိန်မရလိုက်ဘဲ ဖမ်းဆီးခံလိုက်ရတာ” လို့ ပြောပါတယ်။

နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် မနက် ၇ နာရီကျော်လောက်မှာတော့ လူသားဒိုင်းအဖြစ် ဖမ်းထားတဲ့ရွာသားတွေနဲ့အတူ ကံသာကုန်းကျေးရွာနဲ့ မီတာ ၅၀၀ လောက်သာဝေးတဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ပြည်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းပါဝင်ကာ သူတို့နဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်နဲ့ ဆုံးရှုံးသွားတဲ့အိမ်ခြေအရေအတွက်ကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖမ်းဆီးခံထားရသူတွေကို လက်ရှိအချိန်ထိ ညောင်ပင်သာရွာဘုန်းကြီးကျောင်းမှာ ထားရှိထားတယ်လို့ သိရပါတယ်။


ကံသာကုန်းကျေးရွာဟာ မီးရှို့ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိလည်း ကံသာကုန်းကျေးရွာက ဒေသခံတွေဟာ ကျေးရွာထဲကို ဝင်ရောက်နေထိုင်ခြင်းမရှိသေးဘဲ နီးစပ်ရာကျေးရွာတွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကံသာကုန်းကျေးရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၄ ရက်နေ့က ရေဦးနယ်အနောက်ခြမ်းက ချမ်းသာရွာစာသင်ကျောင်းကို မိုင်းခွဲပြီး မီးရှို့သွားခဲ့သလို မေလ ၈ ရက်နေ့ကလည်း ရွှေဘိုအနောက်ခြမ်းရှိ သရက်ပင်ကွင်းရွာက နေအိမ် ၂၂ လုံးကို မီးရှို့ခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #စစ်ကြောင်းထိုး #နေအိမ်မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10