ရွှေဘိုမှာ ယခုလ နောက်ဆုံးပတ်အတွင်း မိုင်းမတော်တဆမှုဖြင့် PDF ရဲဘော် ၃ ဦးကျဆုံး

ရွှေဘိုမှာ ယခုလ နောက်ဆုံးပတ်အတွင်း မိုင်းမတော်တဆမှုဖြင့် PDF ရဲဘော် ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဇူလိုင်လနောက်ဆုံးပတ်အတွင်း မိုင်းမတော်တဆဖြစ်ပွားရာက PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ဝက်လက်မြို့နယ်အခြေစိုက် Buffalo Soldiers Freedom Force ရဲ့ အထူးကွန်မန်ဒို Myanmar UG Organization ရဲ့ခေါင်းဆောင် အသက် ၂၂ နှစ်အရွယ် ကိုရန်ရှင်းနဲ့ နဂါးနီ - အာဠာ၀က Shwe Bo PDF အဖွဲ့က အသက် ၂၈ နှစ်အရွယ် ရဲဘော်ရွှေဘ(ကိုဖိုးဇော်) အသက် ၁၈ နှစ်အရွယ် ရဲဘော် လူပေ (ကိုခိုင်မြဲအောင်)တို့ ဖြစ်ပါတယ်။

ကိုရန်ရှင်းဟာ ဇူလိုင် ၂၄ ရက် နေ့လယ် ၁ နာရီခန့်က ရွှေဘိုမြို့သစ်တောရုံးအနီးမှာ ဆိုင်ကယ်စီးလာချိန် မိုင်းမတော်တဆပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုရွှေဘနဲ့ကိုလူပေတို့ဟာ ရွှေဘိုမြို့အနောက်ဘက် ၃ မိုင်ခန့်အကွာမှာ ဇူလိုင် ၂၃ ရက် ည ၁၁ နာရီကျော်က မိုင်းထောင်စဉ်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“သီးလုံးတို့၊ ဇီးဖြူကုန်းရွာတို့က ပျူတွေလာမယ်သတင်းရလို့ သူတို့လာမယ့်လမ်းကို မိုင်းထောင်ရင်းဖြစ်သွားတာ၊ ၂ ဦးစလုံးက မိုင်းတပ်စိပ်မှာရော တိုက်ခိုက်ရေးမှာပါအားထားရသူတွေပါ"လို့ နဂါးနီ - အာဠာဝက ShweBo PDFအဖွဲ့တာဝန်ခံဗိုလ်လမင်းကပြောပါတယ်။

Buffalo Soldiers Freedom Forceက ရဲမေအမိုရာပြောတာကတော့ ကိုရန်ရှင်းဟာ တဦးတည်းတိုက်ခိုက်ဖို့သွားချိန် ယူဆောင်လာတဲ့မိုင်းပေါက်ကွဲလို့ ရွှေဘိုဆေးရုံကပဲ သင်္ဂြိုလ်ပေးခဲ့ပြီး သူနဲ့အတူပါသွားတဲ့ ပစ္စတို တလတ်၊ ဖုန်းနဲ့ဆိုင်ကယ်တစီး ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

ရဲဘော်ရွှေဘနဲ့ ရဲဘော်လူပေတို့ကို ဇူလိုင် ၂၇ ရက် မနေ့မနက်က ဆွမ်းသွတ်ကုသိုလ်ပြုပေးခဲ့ပြီး ကိုရန်ရှင်းကိုတော့ လာမယ့် ဇူလိုင် ၃၀ ရက်မှာ ကုသိုလ်ပြုဆွမ်းသွတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ကျေးလက်နေအိမ်ထောင်စု ၆၀၀ ဝန်းကျင်ဟာ အမြဲတမ်းစစ်ရှောင်တွေအဖြစ် ဒီပဲယင်း မြို့နယ်ထဲမှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #မိုင်းမတော်တဆ #PDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10