ရွှေဘိုမှာ ကင်းလှည့်နေတဲ့စစ်အုပ်စု ၂ ရက်ဆက် မိုင်းဆွဲခံရ

ရွှေဘိုမှာ ကင်းလှည့်နေတဲ့စစ်အုပ်စု ၂ ရက်ဆက် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ကင်းလှည့်နေတဲ့စစ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက  ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ  ၁၅ ရက်နဲ့ ၁၆ ရက်ညတွေမှာ ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ မြို့တွင်းကို ကားတွေနဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ကား ၃ စီးနဲ့ထွက်လာချိန် အောင်ချမ်းသာရပ်ကွက်ထဲမှာ မိုင်း ၃ လုံးဆွဲခဲ့ပြီး နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီလောက်မှာတော့  ကား ၆ စီးနဲ့ထွက်လာတဲ့ အင်အား ၆၀ ပါ စစ်သားတွေကို အလက ၁ အနီးကနေ မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုအားမာန်က ပြောပါတယ်။

၁၅ ရက်ည တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၆ ဦးသေကာ အများအပြားဒဏ်ရာရခဲ့ပြီး  စစ်သားတွေက ဆဲဆိုကာ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တယ်လို့လည်း ပြောပါတယ်။

အဲ့ဒီနေ့ည ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်တဲ့ မိုင်းကွဲသံတွေကို ကြားရသလို စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်တဲ့ လက်နက်သံတွေကိုလည်း ကြားရပါတယ်။ 

၂ ရက်ဆက် တိုက်ခိုက်မှုဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေမှာ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ShweBo Crocogile ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Black SlLENCER DEFENCE FORCE၊ 96 Solider၊ Burmese Farmers Defense Force (BFDF)နဲ့ ဒေသတွင်း မဟာမိတ်ညီနောင်တွေ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။  

ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကလည်း ရွှေဘိုမြို့က မြန်မာ့စီးပွားရေးဘဏ်ကိုစောင့်နေတဲ့ စစ်ကောင်စီရဲ့ စစ်သားတွေကို ၄၀ မမ တွေနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - စစ်ကောင်စီစစ်သားများကို တိုက်ခိုက်ခဲ့သည့်မိုင်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #မိုင်းဆွဲ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း #ရွှေဘိုအားမာန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10